စေတုတ္တရာမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားကျင်းပ

စေတုတ္တရာ ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်က လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် စေတုတ္တရာမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သိန်း ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ နာမှုကူညီရေးအသင်း၊ ရပ်မိရပ်ဖများမှ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရဲမှူးဝင်းကိုကိုမှ မိသားစု စီးပွားရေးအဆင်မပြေ ဖြစ်တဲ့အခါမှာ လိမ်လည်လှည့်ဖျား၍ လူကုန်ကူးခံရနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်မှ လူကုန်ကူးမှုများ ဆိုရာတွင် ကလေးသူငယ်အလုပ်သမားဆိုင်ရာ အဓမ္မခိုင်းစေမှုများ ပပျောက်လာစေရန် ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုကြောင်း၊ ဒုရဲမှူး မျိုးလွင်မှ လူကုန်ကူးမှုတွင် မတရားခိုင်းစေခံရခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်း စသောအချက်အလက်များကို ရှင်းလင်း ဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင်မိုးညွန့်မှ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ လူကုန်ကူးမှုအန္တရာယ်ကင်းရှင်းစေရေးအတွက် မိမိတို့ရုံးတွင် ပြပွဲ၊ ပြခန်းများ ဆောင်ရွက်သကဲ့သို့ အခြေခံပညာကျောင်းများသို့လည်း ကွင်းဆင်း၍ ဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့အား ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)