အိမ်မဲ ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ရေသိုးညောင်ဝိုင်းကျေးရွာ တောင်သူ ဦးလှမြင့်၏လယ်မြေတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ၂၀၂၃ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထည့်သွင်း စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင်ကျင်းပခဲ့ကြောင်း သိရသည်။
သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးပွဲသို့ အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးနှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့် အဖွဲ့မှတာဝန်ရှိများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဦးနှင့်ဝန်ထမ်းများနှင့် စိတ်ပါဝင်စားသည့်တောင်သူများ စုစုပေါင်းအင်အား(၅၀)ဦးကျော်တက်ရောက်ခဲ့ပြီး လယ်မြေအတွင်း သစ်စိမ်းမြေသြဇာ ထယ်ထိုးမြေမြုပ်ခြင်းကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
“သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ကို လယ်မြေအတွင်းထည့်သွင်းစိုက်ပျိုးပါက တစ်ဧကကို သစ်စိမ်းမြေသြဇာမျိုးစေ့ ၄ ပြည်ကြဲပတ်ရပါတယ်။ စျေးနှုန်းကတော့ ၁ ပြည်ကို ၂၅၀၀ ကျပ်ပါ၊ ကြဲပတ်ပြီးလို့ (၄၅)ရက်ကြာရင် ထည်ထိုးမြေမြုပ်ပြီးမြေသြဇာအဖြင့်အသုံးပြုလို့ရပါပြီ။ ယနေ့အထွက်နှုန်းကတော့တစ်ဧကကို သစ်စိမ်းမြေသြဇာအစိုတန်(၉၈၉၀)ကီလိုဂရမ်ထွက်ရှိပါတယ် အခု ယူရီးယားဓာတ် မြေသြဇာက (၁)အိတ်ကို ၇၀၀၀၀ကျပ်ကျော်လောက်စျေးပေါက်ပါတယ်။ ပြောချင် တာကတော့ သစ်စိမ်းမြေသြဇာထည့်သွင်း စိုက်ပျိုးတဲ့အခါမျိုးစေ့ဖိုး (၁၀၀၀၀)ကျပ် သာကျပြီး ယူရီးယား(၂) အိတ်ခွဲနဲ့ညီမျှတာကြောင့် တောင်သူများကို သစ်စိမ်းမြေသြဇာ ထည့်သွင်းစိုက်ပျိုးဖို့ အကြံပြုချင်ပါတယ်လို့”မြို့နယ်စိုက်ပျိုး ရေးဦးစီးမှူး ဦးတင်မောင်ဦး ကပြောသည်။
လယ်ယာမြေများတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းဖြင့် ဓာတ်မြေသြဇာသုံးစွဲမှုအား လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့်ရေတို့ကို ဓာတုအဆိပ်သင့်မှု လျော့နည်းစေကာ မြေဆီလွှာ၏ ချဉ်ငံဓာတ်ကိုလည်း ထိန်းညှိပေးသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း၊ အချိန်တိုကာလအတွင်း သစ်စိမ်းမြေသြဇာ၊ ဇီဝမြေသြဇာနှင့် သစ်ဆွေးဓာတ်များရရှိနိုင်၍ လယ်ယာမြေအတွင်းရှိ ပေါင်းပင်များကို နှိမ်နင်းနိုင်ပြီး၊ မြေဆီလွှာအတွင်းရှိ အကျိုးပြုသက်ရှိများကိုလည်း အသက်ရှင်တိုးပွားစေနိုင် ကြောင်း၊ ပိုက်ဆံလျှော် သီးနှံစိုက်ပျိူးရာတွင် ရာသီဥတုအခြေအနေပေးပါက တစ်ဧကလျှင် သစ်စိမ်းမြေသြဇာ (၅)တန်မှ (၇)တန်အထိ ရရှိနိုင်ပြီး ပုလဲဓာတ်မြေသြဇာ (၂) အိတ်နှင့် ညီမျှသော နိုက်ထရိုဂျင်ဓာတ်များ ရရှိနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ချစ်သက်လယ်(ပြန်/ ဆက်)