ဒီးမော့ဆို အောက်တိုဘာ ၉
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင် မည့် အထူးရဲ ၆၄ ဦးနှင့် အရန် ၂ ဦးအား RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် ငွေတောင်ကျေးရွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ဒီးမော့ဆိုမြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်-၁ ဦးစိုင်းဝေဦးနှင့် မြို့နယ်သူနာပြု-၁ ဒေါ်စန်းစန်းမြင့် တို့ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက RDT Test Kit ဖြင့် နှာခေါင်းတို့ဖတ် ရယူပြီး ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးခဲ့သည်။
“လက်ရှိ ဒီးမော့ဆိုမြို့နယ်မှာ ရွေးချယ်ခန့်ထားသော အထူးရဲ ၆၄ ဦး၊ အရန် ၂ ဦး စုစုပေါင်း ၆၆ ဦးကို လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲမှာ မဲရုံလုံခြုံရေး တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည့်အတွက် ယခု ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ကိုဗစ်ရောဂါ ရှိ/မရှိ စစ်ဆေးဆောင်ရွက်နေပါတယ်၊ သင်တန်းက အောက်တိုဘာ ၁ ရက်မှ ၂၈ ရက်ထိ ဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ရဲစည်းကမ်းများ စတဲ့ သင်တန်း ဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချပေးနေပါတယ်၊ သင်တန်းပြီးဆုံးတဲ့အချိန်မှာ လုပ်ငန်း ကျွမ်းကျင်မှု ရှိအောင် မြို့နယ်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းပြီး လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင် ရန် အနီးကပ်ထားရှိသွားမှာဖြစ်ပြီး ရွေးကောက်ပွဲကာလမှာ မဲရုံလုံခြုံရေးတာဝန်ကို ထမ်းဆောင်စေ မှာ ဖြစ်ပါတယ်” ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးသန်း ပြောကြားခဲ့သည်။
ရီရယ်(ဒီးမော့ဆို)