စေတုတ္တရာ ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် စေတုတ္တရာမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သိန်း ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ နာမှုကူညီရေးအသင်း၊ ရပ်မိရပ်ဖများမှ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ရဲမှူးဝင်းကိုကိုမှ မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်သူများသည် နိုင်ငံရေးအခြေအနေကို အခွင့်ကောင်းယူ၍ နည်းလမ်းပေါင်းစုံဖြင့် မူးယစ်ဆေးဝါးများကို ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိနေသောကြောင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်မှ လူငယ်လူရွယ် များအနေဖြင့် စူးစမ်းလိုခြင်း၊ စမ်းသပ်လိုခြင်းများ ရှိတတ်ပါကြောင်း၊ မိမိတို့၏ ကလေးငယ် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားသင့် ပါကြောင်း ရှင်းလင်းဟောပြောခဲ့ပြီး ဒုရဲမှူး မျိုးလွင်မှ မူးယစ်ဆေးဝါးမှ အစပြု၍ ဒုစရိုက်များ ဖြစ်ပွားနိုင်ပါကြောင်း၊ ဝိုင်းဝန်း၍ တားဆီးနှိမ်နှင်းရန် လိုအပ်ကြောင်း ဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင်မိုးညွန့်မှ သတင်းစကား လက်ကမ်းစာစောင်ပါ အချက်အလက်များ ရှင်းလင်း ဆွေးနွေးခဲ့ပြီး ကလေးသူငယ်များအား ဖတ်မှတ်လေ့လာနိုင်ရေးအတွက် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)