မြိတ် ဇွန် ၂၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ရွှေဒူးကျေးရွာရှိ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန (မြိတ်)ရုံး၌ မြိတ်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအား ဆီအုန်းစိုက်ပျိုးထိန်းသိမ်းခြင်းနှင့် မျိုးစပ်ခြင်းအခြေခံသင်တန်း ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။
သင်တန်းကို ဒေသနှင့် ကိုက်ညီပြီး ဆီအထွက်နှုန်း ပို၍ကောင်းမွန်သော စပ်မျိုးများ ထုတ်လုပ် ဖြန့်ဖြူးရန်၊ မြန်မာနိုင်ငံ၏ ဆီအုန်းစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက် ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲ လာစေရန်၊ ဝန်ထမ်းများ အသိပညာ ဖွံ့ဖြိုးလာစေရန်နှင့် တောင်သူများနှင့် ကုမ္ပဏီများအတွက် အကျိုးအမြတ်ဝင်ငွေ ရရှိလာ စေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
သင်တန်းတွင် ဆီအုန်းသမိုင်း၊ ဆီအုန်းမျိုးစပ်၍ မျိုးစေ့ထုတ်လုပ်ခြင်း၊ ဆီအုန်းပျိုးခင်းလုပ်ငန်း၊ မျိုးစပ်ရန် ဒူရာမိခင်ပင်နှင့် ပစ်ဆီဖာရာဖခင်ပင် ရွေးချယ်ခြင်းနှင့် အဖိုပန်းခိုင်အိတ်စွပ်ခြင်း (ကွင်းလက်တွေ့)၊ ဆီအုန်း ပျိုးခင်းနှင့် စိုက်ခင်းတွင် ကျရောက်သောရောဂါများ ကာကွယ် နှိမ်နင်းခြင်း၊ ဆီအုန်းပင် အစာအာဟာရ ဓာတ်လို အပ်ချက်နှင့် ရယူစားသုံးမှုဆိုင်ရာ၊ ဆီအုန်း၏ ရုက္ခဗေဒ လက္ခဏာများနှင့် ပျိုးခင်းလုပ်ငန်း၊ ဆီအုန်း စိုက်ပျိုးထိန်းသိမ်းခြင်း စသည့် သင်ခန်းစာ များကို စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းကို ယမန်နေ့က ဖွင့်လှစ်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်သီးနှံဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က အမှာစကားပြောကြား၍ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဒေါ်အင်ကြင်းခိုင်က ဆီအုန်းစိုက်ပျိုးထိန်းသိမ်းခြင်းနှင့် မျိုးစပ်ခြင်းအခြေခံ သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထိုနောက် သင်တန်းသား/သူများအား တာဝန်ရှိသူများက သင်ထောက်ကူသင်တန်းမှတ်စုများကို ပေးအပ်ကြပြီး သင်တန်းစတင်ခဲ့ သည်။
အဆိုပါ သင်တန်းကို ဇွန်လ(၂၃)ရက်မှ (၂၉)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချပေးသွား မည်ဖြစ်ပြီး မြိတ်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် နှစ်ရှည်သီးနှံနာဌာနခွဲ၊ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန(မြိတ်)မှ ဝန်ထမ်းများ သင်တန်းသား/သူ စုစုပေါင်း(၂၀)ဦး တက်ရောက် လျက်ရှိကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)