ဘိုကလေးမြို့နယ်တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်

ဘိုကလေး ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် ယနေ့နံနက် (၉)နာရီ အချိန်၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းဆောင်ရွက်ကြသည်။

ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာသို့ ဖျာပုံခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းပပအောင်၊ ဖျာပုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်ဥမ္မာလှိုင်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဦးကံဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ဘိုကလေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ကျောင်းအုပ်နှင့် ဆရာ/မများ၊ သင်တန်းသား/သူများတက်ရောက်ကြသည်။

ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဦးကံဝင်းက သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးမှု မဖြစ်စေရေး၊ ဘေးအန္တရာယ် လျှော့ချနိုင်ရေး၊ ကြိုတင်ကာကွယ်ရေးတို့အတွက် ယခုကဲ့သို့ ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဖျာပုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာလှိုင်က ကမ္ဘာ့ပတ်ဝန်းကျင် အခြေအနေ၊ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ဖျာပုံခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းပပအောင်က ငလျင်ဘေးအန္တရာယ်ဆိုင်ရာများနှင့် သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခြင်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းအောင်က ရှာဖွေကယ်ဆယ်ခြင်းဆိုင်ရာ လုပ်ငန်းများ အကြောင်း အသီးသီးပြောကြားသည်။

ဆက်လက်၍ ဖျာပုံခရိုင်နှင့် ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့် ပရဟိတလူနာတင်ယာဉ်များ ပူးပေါင်း၍ ဘိုကလေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ဆရာ/မများ၊ သင်တန်းသား/သူများနှင့်အတူ ငလျင်လှုပ်ချိန် မြေပြင်၌ဝပ်၍ နေရာယူခြင်း၊ ဦးခေါင်းအား အကာအကွယ်ယူ၍ ဘေးလွတ်ရာစုရပ်သို့ သွားရောက်ခြင်း၊ စုရပ်ရောက်ပြီးသူများအား လူစစ်၍ အဆောက်အဦးအတွင်း ဒဏ်ရာရရှိ ၍ ကျန်ရှိနေသူများအား သွားရောက်ကယ်ဆယ်ခြင်း၊ ရှေးဦးသူနာပြုစုခြင်း၊ ဒဏ်ရာရရှိသူများအား ဆေးဝါးကုသနိုင်ရေး လူနာတင်ယာဉ်ထံသို့ ပို့ဆောင်ခြင်း စသော ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)