လှိုင်းဘွဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မြိုင်ကြီးငူ)၌ လူငယ်ရေးရာအသိပညာပေး​​​​​​​ဟောပြောပွဲကျင်းပ

လှိုင်းဘွဲ ဇွန် ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ(အထူးဒေသ)ရှိ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ(၁)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ  လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင်   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က လူမှောင်ခို၊ လူကုန်ကူးမှုအန္တရာယ်များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများကို စူးစမ်းမှုမပြုလုပ်ကြရန်၊ မိမိနှင့် မိမိတို့၏ မိသားစု၊ တိုင်းပြည်နှင့်လူမျိုး ဖွံ့ဖြိုးတိုက်တက်စေရေးအတွက်ပညာကိုသာ ကြိုးစား လေ့လာသင်ယူ သွားကြရန် အကြောင်းများ၊ မြို့နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဥက္ကဋ္ဌ ဦးဌေးဝင်းနှင့် ရုံးအဖွဲ့မှူး ဦးလင်းခိုင်တို့က မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များနှင့် သတိပြုကာကွယ်ကြရမည့်  အကြောင်းအရာများကို  အသိပညာပေးဟောပြောခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ အခမဲ့ထုတ်ဝေပေးသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို  ကျောင်းသား၊ကျောင်းသူများအားပေးဝေခဲ့ပြီး၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသပေးထားသော မူးယစ်ဆေးဝါးများ၏ဆိုးကျိုးအန္တရာယ်များနှင့်ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း အသိပညာပေး  နံရံကပ် စာစောင်များကို ကျောင်းသား၊  ကျောင်းသူလေးများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

လင်းသန့်(ပြန်/ဆက်)