မုံရွာ ဇွန် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝါသနာတူသူများစုစည်း၍ Book Club၊ Women Club ၊ Youth Club များဖွဲ့စည်းကာ လူထုအခြေပြုဗဟိုဌာန Community Centre လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း( Book Club)၏ ( ၇၆ ) ကြိမ်မြောက် စာဖတ်ဝိုင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ ကိုယ်စားဒုတိယဥက္ကဋ္ဌ မောင်စိန်လွင် (မင်းကင်း)က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီးနောက်စာရေးဆရာ ဆလိုင်းသန်းဇော်ဝင်း ရေးသားသော " အင်ကြင်းပွင့်တို့၏ ဒိုင်ယာရီ " လုံးချင်းဝတ္ထုရှည်စာအုပ်အား တက်ရောက်လာကြသော မုံရွာမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ အစီအစဉ် အလိုက်ဆွေးနွေးခဲ့ကြပြီးနောက် မုံရွာမြို့နယ် စာအုပ်စာစောင်များချစ်မြတ်နိုးသူများအသင်း ဒုတိယ ဥက္ကဋ္ဌ စာရေးဆရာ မောင်စိန်လွင် (မင်းကင်း)က နိဂုံးချုပ်အမှာစကားပြောကြား ခဲ့ကြောင်းသိရသည်။
ယနေ့ကျင်းပပြုလုပ်သည့် စာဖတ်ဝိုင်းတွင် စာရေးသူ ဆလိုင်းသန်းဇော်ဝင်း ကိုယ်တိုင် တက်ရောက်ပါဝင်ဆွေးနွေးခဲ့ ကြောင်းသိရှိရပြီး အဆိုပါ စာအုပ်မှာ စာရေးသူ၏ ပထမဦးဆုံး လုံးချင်းဝတ္ထုရှည် စာအုပ်တစ်အုပ်ဖြစ်ပြီး ခါးသီးလွန်းတဲ့ အမှန်တရားတွေက အဖြစ်အပျက် တစ်ခု ကို အခြေခံကာ ဝတ္ထုအဖြစ် ဖန်တီးရေးသားထားကြောင်း၊ ဝေးလံခေါင်သီတဲ့ ရခိုင်ရိုးမတောင် ပေါ်ဒေသ အရှိုချင်းတိုင်းရင်းသား ရွာလေးကို အခြေခံရေးဖွဲ့ထားသော၊ ရသနှင့် သုတကို မျှမျှတတ ရေးစပ်ထားသော ဝတ္ထုရှည် စာအုပ်ဖြစ်ကြောင်း စာရေးသူ၏ ပြောပြချက်အရ သိရှိရသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မုံရွာခရိုင်ရုံးအနေဖြင့်နှစ်ပတ်လျှင် တစ်ကြိမ် စနေနေ့တိုင်း စာဖတ်ဝိုင်းအခမ်းအနားများကျင်းပပြုလုပ်လျက်ရှိပြီး ပြည်သူများ၊ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများရရှိစေရန် ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ စာအုပ်များ အခမဲ့ငှားရမ်းပေးခြင်း၊ ပြပွဲ ပြိုင်ပွဲများ ကျင်းပပေးခြင်းနှင့် အသိပညာပေး Talk Show များ ဆောင်ရွက်ခြင်းတို့ကို စဉ်ဆက် မပြတ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်