ပန်းတနော် ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အရ နေဗီယာမြက် စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဆုတောင်းပြည့်ကျေးရွာရှိ တောင်သူဦးကျော်ဧငြိမ်း၏ လယ်ယာမြေ (၂)ဧက၌ သရုပ်ပြစိုက်ပျိုးခဲ့သည်။
တောင်သူများအနေဖြင့် တိရစ္ဆာန်အစာပင်နေဗီယာမြက်စိုက်ပျိုးခြင်းဖြင့် အစာရှားပါးမှု ပြဿနာများ လျော့နည်းသွားမည်ဖြစ်ကြောင်း၊ အစာရှားပါးချိန်တွင် အစာအဟာရဖူလုံးစွာ ရရှိစေရန်၊ အဟာရတန်ဖိုး ပိုမိုမြင့်မားသော အစာပင်များ စိုက်ပျိုးကျွေးမွေးခြင်းဖြင့် ကျွဲ၊ နွား စသည့် တိရစ္ဆာန်များတွင် ရောဂါဒဏ်ခံနိုင်ခြင်းနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်သိန်းမြင့်က အသိပညာပေးဆွေးနွေး ပြောကြားခဲ့သည်။
အဆိုပါ နေဗီယာမြက်သရုပ်ပြစိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးသိန်းဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများက နေဗီယာမြက် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)