အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာနံရံကပ် စာစောင်၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲ ကျင်းပပြုလုပ်

ရေနံချောင်း ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာနံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း(ခွဲ) သပြေ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ချိုမီအောင်က မူးယစ်ဆေးဝါးအန္တရာယ်သည် နိုင်ငံတစ်ခုချင်းစီ၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုပါ ထိုခိုက်စေနိုင်သည့်အတွက် တာဝန်ရှိသူများ၊ ကျောင်းသားလူငယ်များနှင့် ပြည်သူ လူထုတစ်ရပ်လုံးက ဝိုင်းဝန်းတိုက်ဖျက်ကြဖို့လိုကြောင်း၊ “မူးဆေးအစ ဆေးလိပ်က”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျောင်းသားလူငယ်များအကြား စူးစမ်းလိုခြင်း စမ်းသပ်လိုခြင်းဖြင့် မူးယစ်ဆေးဝါးကို စမ်းသပ်သုံးစွဲခြင်းများ မပြုလုပ်ကြရန်၊ မူးယစ်ဆေးသည် စမ်းသပ်သုံးစွဲရာမှ စွဲလမ်းသည်အထိဖြစ်စေနိုင်ကြောင်း၊ မူးယစ်ဆေးသုံးစွဲသူတစ်ဦး၏ နောက်ဆက်တွဲပြသနာများဖြစ်သည့် ရုပ်ပိုင်း ဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများနှင့် ပတ်ဝန်းကျင်ထိခိုက် နှောက်ယှက်မှုများများစွာဖြစ်ပေါ်နိုင်ကြောင်း၊ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုနှင့် သုံးစွဲမှုကြောင့် ကျခံရနိုင်သည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည့်အကြာင်းအရာများကို အသိ ပညာပေးဟောပြောကာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာမူးရစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေ ပေးခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်ကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသားကျောင်းသူလေးများက လေ့လာကြည့်ရှုကြရာ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက လိုက်လံရှင်းလင်းပြသခဲ့သည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာနံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့်ဟောပြောပွဲသို့ အ.ထ.က (ခွဲ)သပြေ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)