မအူပင်မြို့တွင် နယ်လှည့်အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မအူပင်  ဇွန်  ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် နယ်လှည့်အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအား ယမန်နေ့မွန်းလွဲ ၂ နာရီက မေတ္တာရှင်အမျိုးသမီးပရဟိတ ဂေဟာခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးမှ နယ်လှည့်အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများနှင့် ရည်မှန်းချက်ပန်းတိုင်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောဆွေးနွေးသည်။ ၎င်းနောက်ဆရာကြီးဦးစိုး(ပညာရေးငြိမ်း)မှ လူ့ဘဝ၏ တန်ဖိုးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာကြီးဦးဘိုးထွေး(ကျောင်းပြင်ပပညာရေး)မှ လူနေမှုဘဝအဆင့်မြင့်စေဖို့စာများများဖတ်ကြစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောဆွေးနွေး ခဲ့ကြပြီး တက်ရောက်လာသည့်ဂေဟာမှ ကျောင်းသူ‌လေးများမှသိလိုသည်များအားပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများကရှင်းလင်းဖြေကြားဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအားရှင်းလင်းပြသခဲ့ကြရာ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။

မအူပင်ခရိုင်(ပြန်/ဆက်)