မင်းဘူးမြို့၌ မိုးတွင်းကာလ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မင်းဘူး ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ မိုးတွင်းကာလ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၁) ရပ်ကွက်အတွင်း၌ သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့/အမျိုး သမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းအဖွဲ့များက မင်းဘူးမြို့ အမှတ်(၁) ရပ်ကွက်အတွင်း နေထိုင် ကြသော အိမ်ထောင်စုဝင်များ၏ နေအိမ်များအတွင်း ထားရှိသော ဘုရား ပန်းအိုး၊ သောက်သုံးရေကန်နှင့် ရေလှောင်ကန်များအတွင်း သန့်ရှင်းမှုရှိစေရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေလှောင်ကန်းများအတွင်း ရောဂါပိုးဝင်ရောက်မှုမရှိစေရေး Abate ဆေးခတ်ခြင်း၊ ယင်လုံအိမ်သာများ စနစ်တကျ သုံးစွဲမှု ရှိစေရေးနှင့် ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် တာဝန်ရှိသူများက ကျန်ရှိသော မြို့ပေါ်ရပ်ကွက်များ၌ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)