ဘားအံမြို့တွင် အခွန်လွတ်ဈေးဖွင့်လှစ် ရောင်းဝယ်သူများဖြင့်စည်ကား

ဘားအံ ဇွန် ၂၅

စိုက်ပျိုးမွေးမြူရေးတောင်သူများမှ သက်သာသောနှုန်းထားဖြင့် စားသုံးသူလက်ဝယ်သို့ တိုက်ရိုက်ရောင်းချနိုင်ရေး ကရင်ပြည်နယ်အစိုးရ အဖွဲ့၏လမ်းညွှန်မှု၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် ဆက်စပ်ဌာနများပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့၊ ကန်သာယာညဈေးတည်နေရာ၌ စနေနေ့အခွန်လွတ်ဈေးကို စတင်ဖွင့်လှစ်ရောင်းချခဲ့ရာ ရောင်းဝယ်သူများနှင့်စည်ကားလျက်ရှိကြောင်း မြင်တွေ့ရသည်။

အဆိုပါ အခွန်လွတ်ဈေးတွင် ဆိတ်သား၊ ကြက်သား၊ အမဲသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ အစရှိသော အသား၊ ငါးနှင့် ဥအမျိုးမျိုး၊ စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက်အမျိုးမျိုးနှင့် ပြည်နယ်ဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များအသင်းမှစားအုန်းဆီများကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကုန်ဈေးနှုန်းတည်ငြိမ်၍ အစားအစာဘေးကင်းလုံခြုံမှုရှိပြီး အာဟာရပြည့်ဝလတ်ဆက်သည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို မိသားစုတိုင်း ဖူလုံစွာစားသုံးနိုင်ရေးအတွက် ယခုကဲ့သို့ အခွန်လွတ်ဈေးများကို တိုးချဲ့ဆောင်ရွက်ပေးရန်၊ အရည်အသွေးပြည့်ဝပြီး ဘေးဥပါဒ်ကင်းရှင်းသော စိုက်ပျိုး၊ မွေးမြူရေးထုတ်ကုန်များကို အများ ပြည်သူထံတိုက်ရိုက်ရောင်းချခြင်းဖြစ်သည့်အတွက် ဒေသခံစိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် စားသုံးသူများအတွက်ပါအကျိုးရှိအောင် စီမံဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ဆင်းသုခမျိုးစေ့ထုတ်စံပြစိုက်ခင်း(၁၀)ဧက စုပေါင်းထွန်ယက်ပွဲနှင့် မျိုးစေ့ထုတ် တောင်သူများအား မျိုးစေ့နှင့်မြေဩဇာများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ဘားအံမြို့နယ်၊ ရသေ့ပျံကျေးရွာ၊ ကွင်းအမှတ် ၁၀၀၆၊ တောင်သူဦးချစ်ချစ်ပါ(၄)ဦး၏ လယ်(၁၀) ဧက၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က အဓိကသီးနှံများဖြစ်သော ဆန်၊ ဆီ၊ ပဲ ဖူလုံပိုလျှံမှုရှိစေရေး စား၍ရ သမျှသီးနှံများကို စိုက်ပျိုးကြရမည်ဖြစ်သည့်အတွက် မိမိတို့လယ်ယာမြေများတွင် နေရာလပ်မကျန် စိုက်ပျိုးကြရန် တိုက်တွန်းလိုကြောင်း၊ တိုးတက်လာသည့်လူဦးရေ၏ စားရေရိက္ခာဖြည့်တင်းနိုင်ရန် စိုက်ပျိုးရေးထုတ်ကုန်များကို ယခင်ကထက်ပိုမိုတိုးထုတ်လာနိုင်ကြမှသာလျှင် ကုန်ဈေးနှုန်းကြီးမြင့် ခြင်းကို သက်သာလာစေမည်ဖြစ်ကြောင်း၊ မျိုးကောင်း၊မျိုးသန့်များ ရွေးချယ်စိုက်ပျိုးရန်၊ မြေပြင် ထွန်ယက်ခြင်းလုပ်ငန်းများကို အချိန်မီစနစ်တကျလုပ်ဆောင်ကြရန်၊ မြေဆီလွှာအာဟာရ ဖြည့်တင်းပေးရန်၊ ပိုးမွှားရောဂါများ ကျရောက်လာပါက အချိန်မီကာကွယ်နှိမ်နှင်းရန်နှင့် ရိတ်သိမ်းချိန်ကာလတွင် လိုက်နာကြရမည့်နည်းလမ်းများအတိုင်း စနစ်တကျလုပ်ကိုင်ကြဖို့လိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အဖက်ဖက်မှကူညီပံ့ပိုးပေးနေသကဲ့သို့ တစ်ပြည် နယ်လုံးမျိုးကောင်းမျိုးသန့်များ ကျယ်ကျယ်ပြန့်ပြန့်လွှမ်းခြုံစိုက်ပျိုးနိုင်ရေး ကျေးရွာတိုင်းမျိုးစေ့ထုတ်စိုက်ခင်းများ ထူထောင်ကြရန်၊ လယ်ယာထွက်အမှိုက်များကို သဘာဝမြေဩဇာအဖြစ်ပြုပြင်ပြောင်းလဲပြီး အကျိုးရှိရှိအသုံးချနိုင်ရန်နှင့် သီးနှံအထွက်နှုန်းတိုးတက်ရေးအတွက် အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဘားကပ်ကျေးရွာနှင့်ရသေ့ပျံကျေးရွာတို့မှ မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့ (၅၀) တင်း၊ ယူရီးယားဓာတ်မြေ ဩဇာ (၅၀)အိတ်နှင့် သဘာဝမြေဩဇာ(၂၅)အိတ်တို့ကို ထောက်ပံ့ ပေးအပ်ခဲ့ကြပြီး ဘားအံမြို့နယ် အမှတ်(၂၀) စက်မှုလယ်ယာစခန်းမှ ထွန်စက်ကြီး(၅)စီး၊ ဒေသခံ တောင်သူများ၏ လက်တွန်းထွန်စက်ငယ်(၂၀)စီးတို့ဖြင့် ဆင်းသုခ မျိုးစေ့ထုတ်စံပြစိုက်ခင်း(၁၀)ဧက စုပေါင်းထွန်ယက်ခြင်း ကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးခဲ့ကြကာ တက်ရောက်လာသော တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့အဝင် သံလွင်တံတား (ဘားကပ်)ဘက်ခြမ်း၌ မော်တော်ယာဉ်စစ်ဆေးရေးဂိတ် ပြောင်းရွှေ့ဖွင့်လှစ်မည့်နေရာအား ကြည့်ရှု စစ်ဆေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမိတာရာမရဲကျောင်း ဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တဂုဏာလင်္ကာရ သွားရောက်ဖူးမြော်ကြည်ညို၍ ငါးပါးသီလခံယူဆောက်တည်ကြပြီး သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမိတာရာမရဲကျောင်း ဓမ္မာရုံ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဘားအံမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်ခြင်းအား ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်(၈) ရပ်ကွက်၊ ကျေးရွာအုပ်စု ၆ အုပ်စုမှ ဒေသခံပြည်သူ ၅၄၅ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)