ပခုက္ကူ ဇွန် ၂၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ကျန်းမာ ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူခရိုင်ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းလင်းကဟောပြောပွဲ ကျင်းပရခြင်းအကြောင်းရှင်းလင်းပြောကြားပြီး အမှတ်(၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ပခုက္ကူခရိုင် ရုံး)မှ ရဲအုပ်အောင်တင်က “ယာဉ် တိုက်မှုဖြစ်ပွားရသည့်အကြောင်းရင်းများ၊ ယာဉ်တိုက်မှုဖြစ်ပွားရာတွင် အရေးယူဆောင်ရွက်သည့် ပြစ်မှုဆိုင်ဥပဒေပုဒ်မများနှင့် ပြစ်ဒဏ်များ၊ မော်တော်ယာဉ်၊ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအချက်အလက်များ၊ မော်တော်ယာဉ်နှင့်ဆိုင်ကယ် မောင်းနှင်ခြင်း၊ စီးနင်းခြင်းတို့တွင် လိုက်နာဆောင်ရွက်ရမည့်အချက်များအကြောင်း”တို့ကိုလည်းကောင်း၊ အမှတ် (၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံး(ပခုက္ကူ)မှ ဒုတိယရဲမှူး ဝင်းလှိုင်က “လူကုန်ကူးမှု ဖြစ်ပေါ်ရသည့်အကြောင်းရင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနည်းလမ်းများ၊ သတိထားရမည့် လူကုန်ကူးမှုနည်းလမ်းအမျိုးမျိုး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေများနှင့် ဥပဒေအရကျခံနိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ ပြည်ပအလုပ်အကိုင်များ အကြောင်း”တို့ကိုလည်းကောင်း၊ ပခုက္ကူမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆန်းမင်းအောင်က “ တီဘီ ရောဂါဖြစ်ပေါ်စေသည့်အကြောင်းရင်း၊ တီဘီရောဂါခံစားနေသူများတွင် ဖြစ်ပေါ်နိုင်သည့်လက္ခဏာရပ်များ၊ တီဘီရောဂါ ကုသရေးနည်းလမ်းများနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ သွေးလွန်တုပ်ကွေးရောဂါနှင့်အခြားရောဂါများအကြောင်း” တို့ကို လည်းကောင်း အသီးသီးရှင်းလင်းပြောကြပြီး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေကြသည်။
ထို့နောက် တက်ရောက်လာသည့် ပခုက္ကူခရိုင်ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းလင်း၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးစန်းအောင်နှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်ခင်မိုးမြင့်နှင့်ဆရာမများ၊ အဆင့်မြင့် အိမ်တွင်းမှုစက်သင်တန်းအမှတ်စဉ်(၆)သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)