ပြည် ဇွန် ၂၅
ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ၂၀၂၃ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲအခမ်းအနားကျင်းပရာ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက အခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့်အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း ပဲခူးတိုင်းဒေသကြီး(ဒုတိယဥက္ကဋ္ဌ) ဒေါ်ခင်နှင်းဆီရွှေက တက်ရောက်လာသော ပြည်မြို့၊ အောင်မြေသာ (မူလတန်းလွန်ကျောင်း)မှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၄၀) ဦးအား မူးယစ်ဆေးဝါးဆိုးကျိုးများအန္တရာယ်နှင့် မူးယစ်ဆေးမသုံးစွဲမိစေရေးအကြောင်းနှင့် ကျောင်းသားလူငယ်လူရွယ်များ အပေါင်းအသင်းမှားပြီး မူးယစ်ဆေးဝါး၏ သားကောင်မဖြစ်မိစေရန် သတိပြုရမည့်အကြောင်းများကို အသိပညာပေး ဆွေးနွေးဟောပြောသည်။
ထို့နောက် တက်ရောက်လာကြသူများနှင့် ကျောင်းသား၊ ကျောင်းသူများက အခမ်းအနားတွင် ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်မှ သုတ/ရသစာအုပ် စာစောင်များကို စိတ်ဝင်တစားကြည့်ရှုလေ့လာကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အသိပညာပေး "သတင်းစကား "လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)