မြောင်းမြမြို့တွင် ခရိုင်မြို့နယ်ဌာနဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ဆရာတော်ကြီးများ၏ သြဝါဒခံယူပွဲ အခမ်းအနားကျင်းပ

မြောင်းမြ ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့တွင် ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ဆရာတော်ကြီးများ၏ သြဝါဒခံယူပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈နာရီခွဲအချိန်က မြောင်းမြမြို့ ရွှေသာလျောင်းဘုရားကြီး ဂန္ဓကုဋီတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဇေယျမေဒနီ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တစန္ဒဝရ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီးနောက် သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ပါသည်။ ထို့နောက် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီးနောက် အလှူရှင်များက သံဃာတော်အရှင်မြတ် (၃၆) ပါး တို့အား ဝါဆိုသင်္ကန်းနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းသည်။

အဆိုပါအခမ်းအနားတွင် မြောင်းမြမြို့ လပွတ်ကုလားကျေးရွာရှိ ရွှေဂူကြီးဘုရားတွင် ဌာပနာပြန်လည်ထည့်သွင်းပူဇော်မည့် ယခင်က ခေတ္တသိမ်းဆည်းထားသည့် ရွှေဘုရား၊ငွေဘုရားများနှင့်တကွ ဘုရားဌာပနာ ပစ္စည်းများအား မြောင်းမြမြို့ အလယ်တောရကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာသီဟ၊ ဇေယျမေဒနီ ပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တစန္ဒဝရ  ဆရာတော်​ကြီးများအပါအဝင် ဆရာတော်ကြီးများက  စစ်ဆေးကြည့်ရှု အတည်ပြုပြီးနောက် ဘုရားအနေကဇာတင် ပူဇော်ပါသည်။

ထို့နောက် သာသနာ့ဗိမ္မာန် ပြန်လည်ပြုပြင်ရေးနှင့် ကျွန်းတောတံတား တည် ဆောက်ရေးအတွက် အလှူငွေများကို အလှူရှင်များက လှူဒါန်းသည်။ အခမ်းအနားတွင် သာသာနာရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆရာတော်ကြီးများ၏ သြဝါဒခံယူပြီးနောက်  အခမ်းအနားကို ရေစက်သွန်းချ အမျှပေးဝေ၍ ဗုဒ္ဒသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ပြီးမြောက်ခဲ့သည်။ အဆိုပါအခမ်းအနားကို မြောင်းမြခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင် အလှူရှင်များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန် ဆက်)