ဟင်္သာတ ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ မြစ်ကွေ့ပရိယတ္တိစာသင်တိုက်ကျောင်းတွင် ဟင်္သာတခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် စမ္မစင်္ကြာနှင့် အနတ္တလက္ခဏသုတ် ပရိတ်တော်ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဟင်္သာတခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းနှင့်ဇနီး ဒေါ်ခတ္တာထွန်း၊ ဒု-ခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်၊ ခရိုင်အတွင်းရှိမြို့နယ်များမှ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်ဇနီးများ၊ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ မြို့နယ်တို့မှ ပြိုင်ပွဲဝင် ဝတ်ရွတ်အဖွဲ့များတက်ရောက်ခဲ့ကြသသည်။
ရှေးဦးစွာ အခမ်းအနားကိုနမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဟင်္သာတမြို့၊ မြစ်ကွေ့ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒသီရိဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ပြီးနောက် သံဃာတော်ရှင်သူမြတ်တို့အား နဝကမ္မနှင့်လှူဖွယ်ဝတ္တုတို့အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းနှင့်ဇနီး ဒေါ်ခတ္တာထွန်းနှင့် တာဝန်ရှိသူတို့မှ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ပထမဆုရရှိခဲ့သည့် လေးမျက်နှာမြို့နယ်ဝတ်ရွတ်အသင်းနှင့် ပြိုင်ပွဲဝင်ခဲ့ကြသော ဝတ်ရွတ်အသင်းများအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းမှ ဆုငွေများချီးမြှင့်ခဲ့ပြီး ဒိုင်အဖွဲ့ဝင်များအား ခရိုင်အုပ်ချုပ်ရေးမှူး၏ဇနီး ဒေါ်ခတ္တာထွန်းမှ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းက ပထမဆုရရှိခဲ့သည့် အသင်းအား တိုင်းဒေသကြီးအဆင့်တွင် ဆက်လက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်ရမည့်အချက်များအား မှာကြားခဲ့ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အသင်းများကို အားပေးစကားများပြောကြားခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ ဆက်)