မြောင်းမြ ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် ရွတ်ဆိုပူဇော်မှုပြိုင်ပွဲကို ယမန်နေ့နံနက် (၉) နာရီက ရွှေသာလျောင်းဘုရားကြီး ဂန္ဓကုဋီတိုက်တွင် ကျင်းပခဲ့သည်။
အဆိုပါ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် ရွတ်ဆိုပြိုင်ပွဲကို မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မမြို့နယ်များမှ ဝတ်ရွတ်အသင်းများက ယှဉ်ပြိုင်ရွတ်ဆို ပူဇော်ကြပြီး၊ ယှဥ်ပြိုင်နေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဝတ်ရွတ်ပြိုင်ပွဲ ကျင်းပရေးကော်မတဥက္ကဋ္ဌ ဒေါ်မော်မော်သန်းနှင့် တက်ရောက်လာသည့် မြို့မိ မြို့ဖ ဧည့်သည်တော်များက ကြည့်ရှုအားပေးကြသည်။
ဝတ်အသင်းများ၏ ယှဥ်ပြိုင်မှုအား အကဲဖြတ်ဒိုင်များဖြစ်သည့် သီလရှင်ဆရာကြီး ဒေါ်ဣန္ဒဝတီ၊ ဒေါ်နန္ဒထေရီ၊ ဒေါ်ပိယဝတီတို့က အမှတ်ပေး စည်းမျဉ်း စည်းကမ်းများဖြင့် အကဲဖြတ် အမှတ်ပေးခဲ့ကြရာ ဝါးခယ်မမြို့နယ် ဝတ်ရွတ်အသင်းက ပထမရခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဝင်းစိန်က အမှာစကား ပြောကြားခဲ့ပြီး၊ ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါ်မော်မော်သန်းက ဆက်လက်အမှာစကား ပြောကြားရာတွင် ယနေ့ခရိုင်အဆင့် ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှတစ်ဆင့် တိုင်းဒေသကြီး ကိုယ်စားပြုများဖြစ်အောင် ကြိုးစားကြစေလိုကြောင်းနှင့် ဝတ်ရွတ်အသင်းများ အနေဖြင့် စဉ်ဆက်မပြတ်စေရေး အလေးပေးဆောင်ရွက်စေလိုကြောင်း၊ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့အညီ ပါဝင်ယှဉ်ပြိုင်ပြီး အလေ့အကျင့်ကောင်းများရရှိစေခြင်း စသည့် ကောင်းမြတ်တဲ့ ရည်ရွယ်ချက်တွေရရှိဖို့ ကျင်းပပေးခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ဝတ်ရွတ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဝါးခယ်မမြို့နယ် ဝတ်ရွတ်အသင်းအား ကျပ်သုံးသိန်း၊ ဒုတိယဆုရရှိသည့် အိမ်မဲမြို့နယ် ဝတ်ရွတ်အသင်းအား ကျပ်တစ်သိန်း၊ တတိယဆုရရှိသည့် မြောင်းမြမြို့နယ် ဝတ်ရွတ်အသင်းအား ကျပ်( ၇)သောင်း ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
ခရိုင် (ပြန်/ ဆက်)