ချောင်းဦး ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ စိုက်ပျိုးရေးဦးစီးဌာနတွင် ယမန်နေ့က တောင်သူများအား ဖိတ်ကြားပြီး မိမိတို့စိုက်ပျိုးထားသည့် သီးနှံများ ပိုးမွှားရန်မှ ကာကွယ်နိုင်စေရန်နှင့် အထွက်နှုန်း တိုးလာစေရန်၊ တန်ဖိုးနည်းပြီး မိမိတို့ပါတ်ဝန်းကျင်တွင် အလွယ်တကူရရှိနိုင်သည့် ပစ္စည်းများနှင့် ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်သည့် သဘာဝရွက်ဖြန်းအားဆေး၊ သဘာဝပိုးပြေးဆေးများ ပြုလုပ်နည်းများကို လက်တွေ့ပြုလုပ် ပြသခဲ့သည်။
ကျေးရွာအုပ်စု ၅အုပ်စုမှ တောင်သူ၃၈ဦးအား ဖိတ်ကြားပြီး သဘာဝရွက်ဖြန်းအားဆေးများဖြစ်သည့် ငါးအမိုင်နိုရွက်ဖြန်းအားဆေး၊ ယူရီးယားနှင့် လက်ချားကို ဖျော်စပ်သုံးစွဲနည်း၊ EM5 ဖျော်စပ်နည်း၊ EM အကျိုးပြုအနုဇီဝ ဖျော်စပ်နည်းနှင့် သဘာဝပိုးပြေးဆေး ပြုလုပ်သုံးစွဲနည်းများကို စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ လက်တွေ့ပြုလုပ် ပြသခဲ့သည်။
လက်တွေ့ပြုလုပ်ပြသပွဲသို့ တောင်သူများနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်နှင့် ဌာနဆိုင်ရာများ လာရောက်ကြည့်ရှူ့ခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးမှ အခုလို သဘာဝရွက်ဖြန်းအားဆေး၊ သဘာဝပိုးပြေးဆေးများ ပြုလုပ်သုံးစွဲခြင်းအားဖြင့် တောင်သူများ ကိုယ်တိုင်ပြုလုပ် သုံးစွဲနိုင်ခြင်း၊ ကုန်ကြမ်းပစ္စည်းများ အလွယ်ရှိပြီးတန်ဖိုးနည်းခြင်း၊ ကုန်ကျစရိတ် သက်သာခြင်း၊ အလွယ်တကူ ပြုလုပ်သုံးစွဲနိုင်ခြင်း၊ စိုက်ပျိုးထားသည့် သီးနှံများအတွက် အထွက်နှုန်း ကောင်းစေရန် အထောက်အကူပြုခြင်း၊ အထွက်နှုန်းသာမက အရည်အသွေးပါ ကောင်းမွန်စေခြင်း၊ ဓာတုဆေးများကဲ့သို့ လူနှင့်ပါတ်ဝန်းကျင်ကို အန္တရာယ်မရှိစေဘဲ သဘာဝဂေဟစနစ်ကို ထိန်းသိမ်းပေးခြင်း စသည့်အကျိုးကျေးဇူးများ ရရှိကြောင်း ရှင်းလင်းဆွေးနွေး ပြသပေးခဲ့ကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်/ ဆက်)