ကော့သောင်း ဇွန် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ ဦးဆောင်၍ တိုင်းဒေသကြီး၊ပြည်နယ်အသီးသီးသို့ ပြေးဆွဲလျက်ရှိသော ခရီးသည် သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်အသင်းများအား လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာ ပေးဟောပြောပွဲနှင့်Hot Line ဖုန်းနံပါတ်စတေကာများ ဖြန့်ဝေခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ အဝေးပြေးယာဉ် ရပ်နားစခန်း၌ ကျင်းပ ပြုလုပ်ခဲ့ရာ ကော့သောင်းခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များ၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ခရီးသည်သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်အသင်းမှ တာဝန်ခံများ၊ ယာဉ်မှူးများ၊ယာဉ်နောက်လိုက်များနှင့်ခရီးသွားပြည်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်မှ ရဲအုပ်ဇင်မင်းထိုက်မှ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပါ လူကုန်ကူးဖြစ်စဉ်၊ ခေါင်းပုံဖြတ်မှု ၊ပြစ်မှုနှင့်ပြစ်ဒဏ်များအား အသိပညာပေး ဟောပြောခဲ့သည်။ ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်မှ ကျောင်းသား/ကျောင်းသူ၊လူငယ်/လူရွယ် နှင့်ပြည်သူတို့အား အသိပညာပေးဟောပြောပွဲများနှင့်အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းများပြုလုပ်ပေးခြင်းဖြင့် လူကုန်ကူးမှုများအား တားဆီးကာကွယ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်သူအောင်မှ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ (၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၆)၏ ၂၀၂၃ခုနှစ်၊ လုပ်ငန်းစီမံချက်ပါ အဝေးပြေးယာဉ်များတွင် “လူကုန်ကူးမှု အသိပညာပေးအချက်အလက်များ၊ Hot Line ဖုန်းနံပါတ် များကိုစတေကာဖြင့်ဖော်ပြခြင်း၊ ရုပ်သံဇာတ်လမ်းတိုများပြသခြင်း”ကို ဆောင်ရွက်ရန်သတ်မှတ် ထားပြီးဖြစ်သဖြင့် ကော့သောင်းမြို့မှ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးသို့ထွက်ခွာသည့် အဝေးပြေးယာဉ်များတွင် လိုက်ပါစီးနင်းသည့် ခရီးသည်များ လူကုန်ကူးမှုကာကွယ်နိုင်ရန်အတွက် ယခုကဲ့သို့ အသိပညာပေးဟောပြောပွဲနှင့်စတေကာများ ဖြန့်ဝေခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ ယင်းနောက် ကော့သောင်းခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များက တက်ရောက်လာကြသည့် ခရီးသည်သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်အသင်းမှ တာဝန်ရှိသူများ၊ ယာဉ်မောင်းများအား Hot Line ဖုန်းနံပါတ်စတေကာများပေးအပ်ခဲ့ကြပြီး အဆိုပါ စတေကာများအား မော်တော်ယာဉ်များတွင်ကပ်နှံထားရှိမှု အခြေအနေအားလိုက်လံ ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)