လွိုင်ကော် ဇွန် ၂၅
ပိုက်ဆံလျှော်သစ်စိမ်း မြေဩဇာထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ချိကယ်ကျေးရွာအုပ်စုရှိ နေကြာစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များ၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ဒီးမော့ဆိုမြို့နယ်မှ စိုက်ပျိုးတောင်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကားပြောကြားပြီး ဒီးမော့ဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဂျိုးဇက်က အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာထည့်သွင်းခြင်း၏ ရည်ရွယ်ချက်နှင့် ရရှိလာမည့်အကျိုးကျေးဇူးများကို တောင်သူများ အားရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ပိုက်ဆံလျှော်မျိုးစေ့နှင့် နေကြာမျိုးစေ့များအား စိုက်ပျိုးတောင်သူများထံသို့ အခမဲ့ဖြန့်ဝေပေးအပ်ပြီး ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာထည့်သွင်းခြင်း ကွင်းသရုပ်ပြမှုများကို ကြည့်ရှုအားပေးခဲ့ကြကာလိုအပ် သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
စိုက်ခင်းအတွင်း နေကြာမျိုးစေ့မစိုက်ပျိုးမီ မြေဆီလွှာ၏ ဂုဏ်သတ္တိကောင်းမွန်စေရန် ထည့်သွင်းစိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ယင်းသို့စိုက်ပျိုးခြင်းဖြင့် ဓါတ်မြေဩဇာ သုံးစွဲမှု လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာအားမြေနေရာမရွေး စိုက်ပျိုးနိုင်ခြင်း၊ မြေတွင်း အာဟာရဓါတ်ကြွယ်ဝ၍ မြေဩဇာအဖြစ် အသုံးပြုနိုင်ခြင်း၊ သီးနှံအထွက်နှုန်းများ တိုးတက်လာစေခြင်း၊ ဓါတ်မြေဩဇာ သုံးစွဲမှုလျော့နည်း၍ ကုန်ကျစရိတ်သက်သာခြင်း အကျိုးကျေးဇူးများကို ရရှိစေနိုင်ကြောင်း ပိုက်ဆံလျှော်သစ်စိမ်း မြေဩဇာများကို ပြည်နယ် အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း စိုက်ပျိုးထားရှိကြောင်း ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန မှသိရသည်။
ခရိုင်(ပြန်/ဆက်)