ဟင်္သာတမြို့နယ်တွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံ (အခမဲ့)သင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ဟင်္သာတ ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အသက် ၃ နှစ်မှ ၅ နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံ (အခမဲ့)သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဟင်္သာတခရိုင်ပြန်ဆက်ရုံးရှိ Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် သင်တန်းဆင်းလက်မှတ်များကို တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြမာလာစိုးမှလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းမှလည်းကောင်း၊ ဟင်္သာတခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌဒေါ်ခတ္တာထွန်းမှလည်းကောင်း၊ လူမှု ဝန်ထမ်းဒုတိုင်းဦးစီးမှူး ဒေါ်ခင်မေဦးမှလည်းကောင်း၊ ဟင်္သာတခရိုင်လူမှုဝန်ထမ်းဦးစီးမှူး ဦးဒိုင်ဒိုဒါးလ်မှလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီး သင်တန်းတက်ရောက်ခဲ့ကြသူများကိုယ်စား သင်တန်းသူ ဒေါ်သန်းသန်းဝင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသူများက သဘာဝ၏ရင်သွေးငယ် တေးသီချင်းနှင့် တေးသရုပ်ဖော်အက၊ သစ်ပင်များကပေးသောလက်ဆောင် ပုံပြင်သရုပ်ဖော်၊ တောင်ယာဝင်ချိန်တေးသရုပ်ဖော် အကများဖြင့်​ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တက်ရောက်လာသော တာဝန်ရှိသူများနှင့် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)