ငဖဲမြို့နယ်တွင် တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြ စိုက်ပျိုးခြင်းဆောင်ရွက်

ငဖဲ  ဇွန် ၂၄

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးခြင်း ရက်သတ္တပတ်အဖြစ် တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းကို ယမန်နေ့ ညနေ ၄ နာရီက ပေါင်းကလေးကျေးရွာအုပ်စု ပေါင်းကလေးကျေးရွာ တောင်သူ ဦးမြင့်ဇော်ထွန်း၏ ယာမြေ၌  စုပေါင်းစိုက်ပျိုးခဲ့ကြသည်။  

 ရှေးဦးစွာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာချစ်ချယ်ရီစိုးက ၂၀၂၃ခုနှစ်၊ မိုးရာသီ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းရက် သတ္တပတ်အစီအစဉ်အဖြစ် ဇွန်လ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသခံတောင်သူများ မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ အာဟာရပြည့်ဝသော တိရစ္ဆာန်အစာပင် စိုက်ပျိုးထုတ်လုပ်ရန်၊  တိရစ္ဆာန်အစာပင် စိုက်ပျိုးသည့် အလေ့အကျင့်များရရှိစေရန်၊ လွှတ်ကျောင်း စနစ်မှ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် ခြံလှောင်စနစ်သို့ မွေးမြူခြင်း အလေ့အကျင့်ရရှိစေရန် ရည်ရွယ်၍ တိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးရခြင်း ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါက်တာချစ်ချယ်ရီစိုး နှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးလှိုင်နှင့်ဝန်ထမ်းများ  ၊မြို့နယ်စီမံကိန်းဦးစီးမှူး ဦးနေမျိုးနန္ဒ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းအောင်နှင့် ပေါင်းကလေးကျေးရွာမှ  တောင်သူများက  စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အဆိုပါ တိရစ္ဆာန်အစာပင် နေဗီယာမြက်သည် အသားဓာတ်ပါဝင်မှု ၁၅ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းအထိပါရှိရာ အာဟာရပြည့်ဝသည်နှင့်အမျှ တိရစ္ဆာန်ကြီးထွားနှုန်းကိုလည်း နှစ်ဆ-သုံးဆ ပိုမိုမြန်ဆန်စေနိုင်ခြင်း၊ နို့စားနွားများ နို့ထွက်နှုန်းပိုမို ကောင်းမွန်ခြင်း စသည့်ကောင်းကျိုးများ ရရှိကာ တောင်သူများကိုယ်တိုင် စိုက်ပျိုးကျွေးမွေးခြင်းဖြင့် အစာစရိတ် သက်သာလွယ်ကူစေပြီး တစ်ကြိမ် စိုက်ပျိုးထားပါက (၇)နှစ်ခန့် ရိတ်သိမ်းကျွေးမွေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

မယု ( ငဖဲ)