ပွင့်ဖြူ ဇွန် ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်ပညာရေးဌာနနှင့်ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲ၊ ဓာတ်ပုံပြပွဲပြသဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ထိုသို့ အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်း က ကျောင်းသားကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိမည့်ဆိုးကျိုးများ၊ အရေးယူခံရမည့်ပြစ်မှုဆိုင်ရာများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှအတွင်းရေးမှူး ဦးကျော်စိုး(ပညာရေးငြိမ်း)က ကျောင်းသားကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်ကင်းဝေးစေရေးအတွက် ဆင်ခြင်သတိပြုရမည့်အချက်များ၊ အနာဂတ်တွင်တိုင်းပြည်အတွက် အားကိုးအားထားပြုရမည့် ထူးချွန်ထက်မြက်သူများဖြစ်လာစေရန် အားလပ်ချိန်များတွင် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိအောင် ဆောင်ရွက်ပြီး စာပေအသိပညာ ဗဟုသုတများတိုးပွားရေး သုတရသ စာအုပ်ကောင်းများကို ရှာဖွေဖတ်ရှုလေ့လာကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းနှင့် ဝန်ထမ်းများအဖွဲ့က လူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်၊ မှတ်တမ်းဓာတ်ပုံများနှင့် စာအုပ်စာစောင်များကို ခင်းကျင်းပြသဆောင်ရွက်ပေးရာ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက စိတ်ဝင်တစ်စားဝင်ရောက်လေ့လာဖတ်ရှုကြခဲ့ကြပြီး မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်ရှိ သုတရသစာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှုခဲ့ကြကြောင်းလည်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)