မင်းဘူး ဇွန် ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး(၄)ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မင်းဘူးခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အတွင်းရေးမှူး ဦးမျိုးဝင်းမှ မင်းဘူးခရိုင်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ် ကော်မတီဖွဲ့စည်းရခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အသေးစိတ်ရှင်းလင်း တင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော မင်းဘူးခရိုင်အဆင့်ကြီးကြပ်မှုဆပ်ကော်ကော်မတီ အဖွဲ့ဝင်များက အမျိုးသားအဆင့် ပတ်ဝန်းကျင်ရေးရာမူဝါဒ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒနှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ မဟာဗျူဟာများအား နိုင်ငံတော်မှ ဗဟိုအဆင့်သတ်မှတ်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး အကြံပြုဆွေးနွေးတင်ပြမှုများပေါ် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်အတွင်းဆောင်ရွက်ရမည့် ပတ်ဝန်းကျင်စီမံ ခန့်ခွဲမှုဆိုင်ရာများ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာများ၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို နှစ်တို/နှစ်ရှည် လုပ်ငန်းစီမံကိန်းများရေးဆွဲပြီး ကဏ္ဍအလိုက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် အပတ်စဉ် အခြေခံပညာကျောင်းများ၊ ဈေးများနှင့် လူစည်ကားရာနေရာများတွင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီမှ ဦးဆောင်ပြီး သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းမှုဖြစ်ပေါ်စေနိုင်သော စွန့်ပစ်စ္စည်းများ၊ အမှိုက်သရိုက်များနှင့် ပလတ်စတစ်အိတ်(ကြွတ်ကြွတ်အိတ်) သုံးစွဲမှုလျော့ချရေးနှင့် အစားထိုးသုံးစွဲရေးတို့အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေးတို့ကို လုပ်ဆောင်သွားရန်စသည့်အချက်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)