လွိုင်ကော် အောက်တိုဘာ ၉
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ပိုမို များပြားလာသဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး၊ ကာကွယ် ၊ ထိန်းချုပ်နိုင်ရေးအတွက် လွိုင်ကော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ မြို့နယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမှုရှိ/မရှိခြင်းကို ယနေ့ နံနက်ပိုင်းက သွားရောက် စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် လွိုင်ကော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်ရဲတပ်ဖွဲ့ နှင့်တာဝန်ရှိသူများက လွိုင်ကော်မြို့အတွင်း ဖွင့်လှစ်ရောင်းချ လျက်ရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ၌ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ပြင်ဆင်ထားရှိရန် အချက်များအား လိုက်နာပြင်ဆင်ဆောင်ရွက်ထားခြင်းရှိ/မရှိ ၊ စားသုံးသူများလိုက်နာ ဆောင်ရွက်ရမည့်အချက်များ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ၊ စားသောက်ဆိုင်မှ တာဝန်ရှိသူများ ၊ ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့်အချက်များအား လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ စစ်ဆေး၍ ဆိုင်အတွင်းအပြင် သန့်ရှင်းရေး၊ ပြည်သူများ စားသုံးမည့်အစားအသောက်များ သန့်ရှင်းလတ်ဆတ်ရေးနှင့် ရောဂါပိုးပွားကင်း စင်ရေးကို အထူးဂရုပြုရန်လိုကြောင်း၊ စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချရာ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးမှထုတ်ပြန်ထားသောညွှန်ကြားချက်များကို တိတိကျကျလိုက်နာ ဆောင်ရွက်ရန် လိုကြောင်းမှာကြားခဲ့ပြီး လိုက်နာဆောင်ရွက်မှုမရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅)အရ ထိရောက်စွာ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်းသိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)