ချောက် ဇွန် ၂၄
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ဇီဝဆိုင်ရာအချက် အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇွန်လ ၂၂ ရက်နေ့၊ နံနက် (၈)နာရီခွဲမှ စတင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်တင့်နှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်အတွင်း ဦးတည်အုပ်စုအလိုက် အမည်စာရင်း ရယူထားသော နိုင်ငံ့ဝန်ထမ်းနှင့် မိသားစုဝင်များ အသက် (၁၀)နှစ် နှင့်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း (၁၀) လုံး ပါဝင်သည့် Unique lD နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူခြင်းကို ဇွန်လ၂၂ရက် နေ့ နံနက်ပိုင်းမှစ၍ နေ့စဉ်စနေ၊ တနင်္ဂနွေနှင့် အခြားရုံးပိတ်ရက်မပါ နံနက်၈နာရီခွဲမှ ညနေ၅နာရီအထိ သတ်မှတ်စုရပ်နေရာတွင် ဆောင်ရွက် ပေးလျက်ရှိပြီး လာရောက် ဆောင်ရွက်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာရမည် ဖြစ်သည်။
ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူပြီးသူများ၏ Biographic Data နှင့် Biometric Data များကို Database တွင် သိမ်းဆည်းကာ ဂဏန်း (၁၀)လုံးပါဝင်သည့် Unique ID နံပါတ်ပါ ကတ်ပြားများကို နေ့ချင်းပြီးထုတ်ပေးခဲ့ပြီး အဆိုပါလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်၊ ခရိုင်လဝက ဦးစီးမှူး ဦးဆန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ မြို့နယ် လဝကဦးစီးမှူး ဦးအောင်ဇော်တင့်တို့မှ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)