မုံရွာ ဇွန် ၂၄
ကျောင်းများဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေးတို့အတွက် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး၊ ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးကောင်းမွန်စွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် မိုးရာသီရောက်ရှိလာပြီဖြစ်ရာ ခြင်များ မပေါက်ပွားနိုင်စေရေးတို့အတွက် သန့်ရှင်းရေးလုပ်ငန်းအား ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အောင်ချမ်းသာ ရပ်ကွက်ရှိ၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေး အဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များ၊ ဆရာ/ ဆရာမများနှင့်ဝန်ထမ်းများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံကြည့်ရှု အားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက် ဖွယ်ရာ များဖြင့် ကျွေးမွေးဧည့်ခံခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်းအပြင် သန့်ရှင်းသပ်ရပ်ရေးနှင့် ကျောင်းဆောင် အဆောက် အဦများ ကြံ့ခိုင်မှုရှိစေရေးတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ကိုတာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၂၈ မြို့နယ်တို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၂၅၀၀ ကျော်ဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်။