ဖြူး ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ တောင်ငူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ အသိပညာပေးသင်တန်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောမင်းသူက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ တောင်ငူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နီနီရွှေက ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်မှု ပေးခြင်းဆိုင်ရာများဖြစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန်နှင့် ဆောင်ရွက်မှုများ၊ ရပ်ရွာအခြေပြုလုပ်ငန်းများတွင် ထောက်ပံ့ပေးခြင်း အခြေအနေများ၊ ပုဂ္ဂလိကမူကြို၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများ တည်ထောင်ခွင့်ပြုမိန့် လျှောက်ထားရာတွင် လိုအပ်သောအချက်များ၊ အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေး လုပ်ငန်းများ/လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်း အစီအစဥ်များ စသည့် အချက်များကို ဆွေးနွေး ပို့ချပေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြကြောင်းနှင့် အဆိုပါ ဆွေးနွေးပို့ချခြင်းကို တစ်ရက်တာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)