ခန္တီးမြို့နယ်ရှိ ထမံသီတိုက်လိပ်မွေးမြူရေးကန်တွင် မွေးမြူထားသည့် အရွယ်ရောက် တိုက်လိပ်များအား ရေပေါ်လှောင်ခြံအတွင်းသို့ ဆဋ္ဌမအကြိမ်မြောက်အဖြစ် ထည့်သွင်းလွှတ်ပေး

ခန္တီး ဇွန် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဉီးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ ထမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ထမံသီ တိုက်လိပ်မွေးမြူရေးကန်တွင် မွေးမြူထားသည့် အရွယ်ရောက် တိုက်လိပ် အကောင်(၅၀)အား ရေချိုသဘာဝစနစ်ကို အကျိုးပြုစေနိုင်ရန် ရည်ရွယ်၍ ချင်းတွင်းမြစ်အတွင်း လင်းဖားကျေးရွာအနီးရှိ ရေပေါ်လှောင်ခြံအတွင်းသို့ ဆဋ္ဌမအကြိမ်မြောက်အဖြစ် ယမန်နေ့က ထည့်သွင်းလွှတ်ပေးခဲ့သည်။

ထိုသို့ အရွယ်ရောက်တိုက်လိပ်များအား ရေပေါ်လှောင်ခြံအတွင်းသို့ ထည့်သွင်းလွှတ်ပေးခြင်းဖြင့် ချင်းတွင်းမြစ်အတွင်း အသားကျကျင်လည် ကျက်စားနိုင်ရန်နှင့် ကြွက်သားများ သန်မာလာပြီး သဘာဝရေစီးကြောင်းအား ဆန့်ကျင်ကူးခတ်နိုင်မှာဖြစ်ပြီး ရေပေါ်လှောင်ခြံအတွင်းတွင် တစ်နှစ် စမ်းသပ်လေ့ကျင့်ပေးမည်ဖြစ်ကာ တစ်နှစ်ပြည့်ပြီးပါက သဘာဝဂေဟစနစ်ကို အကျိုးပြုနိုင်ရန်အတွက် ချင်းတွင်းမြစ်အတွင်းသို့ အပြီးတိုင် စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)