လှိုင်းဘွဲ ဇွန် ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင်းရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (မြိုင်ကြီးငူ)၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ အမှတ်စဉ်(၆)ကို တက်ရောက်နေလျက်ရှိကြသော သင်တန်းသူလေးများအား အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က လူမှောင်ခို၊လူကုန်ကူးမှု အန္တရာယ်များနှင့် ဆိုရှယ်မီဒီယာများကို မိမိတို့ဘဝအတွက် အကျိုးရှိစွာအသုံးပြုနိုင်မည့် နည်းလမ်းများအကြောင်း၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးရီက သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ပါက ဆောင်ရွက်ကြရမည့် အချက်များ၊ ရှောင်ကျဉ်ကြရမည့် အချက်များနှင့် ငလျင်အန္တရာယ်ဖြစ်ပေါ်ခဲ့ပါက ဆောင်ရွက်ကြရမည့် နည်းလမ်းများကို လက်တွေ့သရုပ်ပြ လေ့ကျင့်ပေးခဲ့ကြပြီးနောက် မြို့နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်းဥက္ကဋ္ဌ ဦးဌေးဝင်းက မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များနှင့် သတိပြုကာကွယ်ကြရမည့် အကြောင်းများ၊ မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်၊ တပ်ခွဲတပ်ကြပ်ကြီး ဦးလင်းခိုင်က သတင်းအမှား၊ သတင်းအမှန်ခွဲခြားသိမြင်နိုင်ရေး အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ အခမဲ့ထုတ်ဝေပေးသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို သင်တန်းသူများအား ပေးဝေခဲ့ပြီး၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသပေးထားသော မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များ အသိပညာပေး နံရံကပ်စာစောင်များကို သင်တန်းသူလေးများက စိတ်ပါဝင်စားစွာဖြင့် လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လင်းသန့်(ပြန်/ဆက်)