ရော်ဘာနှင့်ပတ်သက်သည့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး ရော်ဘာလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

ဘားအံ ဇွန် ၂၄

ရော်ဘာနှင့်ပတ်သက်သည့်တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၂)၌ ပြည်နယ်အတွင်းရှိ ရော်ဘာလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက  စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ထုတ်ကုန်များကို ခေတ်မီနည်းစနစ်များဖြင့် တန်ဖိုးမြှင့်ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ရော်ဘာနှင့်ပတ်သက်သည့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေးအတွက် ယခုကဲ့သို့ ရော်ဘာလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ရခြင်းဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရှိ မြို့နယ်တိုင်းတွင် ရော်ဘာကိုစိုက်ပျိုး လုပ်ကိုင်ကြပြီး ဒေသထွက်ရော်ဘာကုန်ကြမ်းများကိုအခြေခံ၍ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်ပပို့ကုန် တင်ပို့ရောင်းချနိုင်သည်အထိ ရည်မှန်းချက်ထားလုပ်ကိုင်ကြဖို့လိုပြီး သမဝါယမစနစ် အစုအဖွဲ့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပါက ပိုမိုထိရောက်အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ လိုအပ်သည့်အရင်းအနှီးများကို သက်သာသောအတိုးနှုန်းများဖြင့် နိုင်ငံတော်မှ MSMEs ချေးငွေများ ထုတ်ချေးပေးရန် စီစဉ်ဆောင်ရွက်ထားပြီး ရော်ဘာကို တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်၍ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ပါက ပိုမိုအကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်သည့်အတွက် တက်ရောက်လာသော ရော်ဘာလုပ်ငန်းရှင်များမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဒေသထွက်ကုန် ရော်ဘာအား တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြပြီး ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌနှင့် ရော်ဘာလုပ်ငန်းရှင်များက  ပညာပေးသင်တန်းများဖွင့်လှစ်နိုင်ရေး၊ သွင်းအားစုများ ဈေးနှုန်းသက်သာစွာရရှိနိုင်ရေး၊ ရော်ဘာအရည်အသွေးတိုးတက်ကောင်းမွန်ရေး၊ တန်ဖိုးမြှင့်ထုတ်လုပ် တင်ပို့နိုင်ရေး ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ကရင်ပြည်နယ်အတွင်း ရော်ဘာစိုက်ဧက ၂၆၀၀၀၀ ကျော်ရှိပြီး ၈၀ ရာခိုင်နှုန်းမှာ အစေးခြစ်လျက်ရှိရာ တစ်ရက်လျှင် ရော်ဘာစေး တန်ချိန် ၁၀၀၀ ခန့် ရောင်းဝယ်ဖောက်ကားလျက်ရှိကာ အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများဆောင်ရွက်၍ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ရေး တောင်သူများစိတ်ဝင်စား လျက်ရှိကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)