မုံရွာ ဇွန် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာသူနာပြု-သားဖွားသင်တန်းကျောင်း၊ သူနာပြုသား ဖွားဒီပလိုမာ ၂၈ ကြိမ်မြောက် သင်တန်းသား/သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ သူနာပြု-သားဖွားသင်တန်းကျောင်းရှိ ၅ ထပ်ဆောင်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာသူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြည်သူများ၏ ကျန်းမာရေး အဆင့်အတန်းသည် ကျန်းမာရေးဝန်ထမ်းအင်အားနှင့် လုပ်ဆောင်မှုများ ကောင်းရင်ကောင်းသ လိုမြင့်မားလာမှာဖြစ်ပါကြောင်း၊ အရည်အချင်းပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်သူများအား မွေးထုတ်ပေးနေသည့် ယခုလိုသင်တန်းကျောင်းများတွင်လည်း ပြည်သူများ၏ လိုအပ်ချက်နှင့်အညီ ပညာရည်မြင့်မားအောင်၊ အသိအလိမ္မာဖွံ့ဖြိုးတိုးတက်လာအောင်၊ ဝေဖန်ပိုင်းခြားနိုင်သည့် အသိအမြင်ရှိလာအောင် သင်ကြားလေ့လာသွားကြရန် လိုအပ်ပါကြောင်း၊ ဂျူတီကုတ်နှင့် ဦးဆောင်ပေးအပ်ပြီး ဆေးရုံလူနာဆောင်များတွင် တာဝန်ထမ်းဆောင်သည့်အခါ တာဝန်သိသိ၊ သစ္စာရှိရှိ၊ စည်းကမ်းရှိရှိ လိမ္မာယဉ်ကျေးစွာ တာဝန်ထမ်းဆောင်သွားကြရန် မှာကြားလိုပါကြောင်း။
ပြည်သူများကြားတွင် လက်တွေ့ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်အခါ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ အကြင်နာ၊ ကရုဏာ ဟူသည့် နာ (၅) နာဖြင့် ပြုစုစောင့်ရှောက်မှုများပေးသွားရန် လိုအပ်ပါကြောင်း၊ သူနာပြုနှင့်သားဖွားပညာရပ်ဆိုင်ရာကျင့်ဝတ်သိက္ခာများအား တန်ဖိုးထား၍ ပြည်သူလူထုအား အရည်အသွေးကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုအား မဆုတ်မနစ် အပြည့်အဝဆောင်ရွက်မည့် ကျန်းမာရေးလူ့စွမ်းအားစုများဖြစ်သည့် သူနာပြုနှင့်သားဖွား သင်တန်းသား၊သင်တန်းသူများအား လိုအပ်ချက်နှင့်အညီ ပြည်တွင်း၌ လေ့ကျင့်မွေးထုတ်ပေးရန်နှင့် လိုအပ်ချက်ပြည့်မီအောင် နိုင်ငံတော်အစိုးရနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊
ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အရည်အသွေး၊ အဆင့်အတန်းပြောင်းလဲ တိုးတက်လာရန် တစ်ဦးနှင့်တစ်ဦး လေးစားစွာဆက်ဆံပြီး ပြည်သူများ၊ လူနာများ၏အသံ၊ အကြံပြုချက်များအား အထူးဂရုပြုအလေးထားပြီး လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သည့်သူများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာသူနာပြုနှင့်သားဖွားသင်တန်းကျောင်းအတွက် ကျောင်းအုပ်ဆရာမကြီးထံ ငွေကျပ်-၁၀ သိန်းအားပေးအပ်ခဲ့ပြီး ဒုတိယနှစ်သင်တန်းသား၊ သင်တန်းသူများက “ဂရုဏာအလင်း” တေးသီချင်းဖြင့်ဖျော်ဖြေကာ မုံရွာသူနာပြုနှင့် သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုဆုထိုက်က ဂျူတီကုတ်နှင့် ဦးဆောင်း အပ်နှင်းဆိုင်ရာများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကုဆေးရုံကြီးမှ သူနာပြုအုပ်ကြီး ဒေါ်မာလာဦး၊ တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (သူနာပြု) ဒေါ်မေစိုးနွယ်၊ မုံရွာသူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ဆုဆုထိုက်နှင့် ကုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကုဆေးရုံကြီးမှ သူနာပြုအုပ် ဒေါ်ထားထားဝင်းတို့က သူနာပြုသားဖွား ဒီပလိုမာ (ပထမနှစ်) သင်တန်းသား၊သင်တန်းသူ ၂၄ အား ဂျူတီကုတ်နှင့်ဦးဆောင်းများ အပ်နှင်းခဲ့ကြပြီး သင်တန်းသား၊သင်တန်းသူများက သူနာပြု သစ္စာဓိဋ္ဌာန် ရွတ်ဆိုကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပညာရည်ချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော သင်တန်းသား၊သင်တန်းသူများထံ ဆုတံဆိပ်နှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ပြီး သင်တန်းသား၊သင်တန်းသူများမှ တေးသီချင်းများဖြင့် ကပြဖျော်ဖြေကာ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ကပြဖျော်ဖြေပေးသွားကြသော သင်တန်းသား၊ သင်တန်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြော ကြားပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)