ချည်မျှင်ရှည် ဝါမျိုးစေ့များ တောင်သူများ လက်ဝယ်အရောက် သွားရောက်ဖြန့်ဖြူးပေး

ချောင်းဦး ဇွန် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ လာရောက်ယူဆောင်နိုင်ခြင်းမရှိသည့် တောင်သူများအတွက် ချည်မျှင်ရှည်ဝါ မျိုးစေ့များကို ဇွန်လ ၂၁ ရက်နေ့မှ စတင်ပြီး ရာသီအချိန်မီ စိုက်ပျိုးနိုင်ရေး တောင်သူများ လက်ဝယ်အရောက် သွားရောက်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ချောင်းဦးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် စက်မှုကုန်ကြမ်း သီးနှံဝါကို မိုးကြို၊ မိုး၊ မိုးနှောင်း စုစုပေါင်း ၇၉၃၈ ဧက စိုက်ပျိုးရန်လျာထားဆောင်ရွက်လျက်ရှိပြီး ယခုအခါ ဝါကြီး၊ မလှိုင်ဝါ၊ ချည်မျှင်ရှည်ဝါ စုစုပေါင်း ၄၄၃၆ ဧက၊ ၅၅.၈၈ ရာခိုင်နှုန်း စိုက်ပျိုးထားပြီး ဖြစ်ကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

ချောင်းဦးမြို့နယ်တွင် အထွက်နှုန်းကောင်းပြီး သက်တန်းတိုသည့် စက်မှုကုန်ကြမ်းသီးနှံ ချည်မျှင်ရှည်ဝါများ တိုးချဲ့စိုက်ပျိုးရေးအတွက် တောင်သူပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိပြီး ရာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများမှ ချည်မျှင်ရှည်ဝါ မျိုးစေ့များအား ကျေးရွာများအထိ သွားရောက်၍ တောင်သူများ လက်ဝယ်အရောက် ဖြန့်ဖြူးပေးနေကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရှိရပါသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)