ပေါင် ဇွန် ၂၃
လူငယ်များမူးယစ်ဆေးဝါး၏ ဆိုးကျိုးကို သိရှိရှောင်ရှားနိုင်စေရန်အတွက် ကျောင်းသား လူငယ်များထံသို့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်သို့ ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင် စောင်ရေ (၂၆၄) အား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေး အသွင်တိုက်ဖျက် ဆောင်းပါး၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး (၁/၂၀၂၁) ၌ ပြောကြားသည့် အမှာစကားမှ ကောက်နှုတ်ချက်၊ ကဗျာဆရာ နုခန့်ယဉ် (ရစ်ကန်ကြီး)၏ မူးယစ်ဆေးဝါးတို့ရှောင်ရှား ကဗျာ၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒ (၅) ချက်၊ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သိရှိလိုက်နာသင့်သည့် အချက်များ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ပုဒ်၊ ဘိန်းစိုက်ခင်းရှင်းလင်းသည့် မှတ်တမ်းပုံနှင့် သူရမိုး(မှော်ဘီ)၏ တစ်ကွက်ကာတွန်း စသည်တို့ ပါဝင်ကြောင်း ၊ လူငယ်များ မူယစ်ဆေးဝါး သုံးစွဲမှု ကင်းစင်ပြီး အနာဂတ် တိုင်းပြည်အတွက် အားထားရသည့် လူကောင်း၊ လူတော်များ ဖြစ်လာစေရေး ရည်ရွယ်၍ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)