ပဲခူး ဇွန် ၂၃
မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်လည်းကောင်း ပြည်သူများ စာအုပ်၊စာပေ နှင့် လက်လှမ်းတမီရှိစေရေး၊ ပြည်သူများစာအုပ်၊ စာပေနှင့် ရင်းနှီးထိတွေ့ပြီး စာပေများဖတ်ရှု့သည့် အလေ့အထကောင်းများဖြစ်ပေါ်ရေး၊ စာဖတ်ဝါသနာပါသူများအား မိမိတို့နှစ်သက်ရာစာပေများကို အလွယ်တကူရှာဖွေ ဝယ်ယူဖတ်ရှုနိုင်ရေး၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်ချက်တို့ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းစီစဉ်သည့် စာအုပ်ဈေးရောင်းပွဲတော်ကို ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာ ဥက္ကဋ္ဌ၊ ဒေါ်နန်းမြင့်သီတာနှင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဝင် ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး၊ စာအုပ်ဆိုင်များမှ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့သို့ သုတ၊ရသစာအုပ်မျိုးစုံ (၁၅၀)အုပ်အား ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာများနှင့် ကျောင်းသား/ကျောင်းသူများ၊ စာပေဝါသနာရှင်များက စာအုပ်ဈေးရောင်းပွဲတော်အတွင်း ခင်းကျင်းရောင်းချလျက်ရှိသည့် စာအုပ်၊ စာစောင်များအား လှည့်လည်ကြည့်ရှု့အားပေးခဲ့ကြပြီး အဆိုပါ စာအုပ်ဈေးရောင်းပွဲတော်ကို (၂၃-၆-၂၀၂၃ ရက်နေ့မှ ၂၆-၆-၂၀၂၃)ရက်နေ့အထိ ရန်ကုန်မြို့ စာပေတိုက်(၅)တိုက်မှ ဆိုင်ခန်း(၁၃)ခန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)