ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရေး အားထားစိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ပွင့်ဖြူ ဇွန်၂၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် တောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရေးအတွက် မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အမှီပြုပြီး အားထားစိုက်ပျိုးခဲ့သည့် နွေနှမ်းစိုက်ခင်းများမှာ စိုက်ပျိုးရေလုံလောက်စွာရရှိသဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ ဒေသခံတောင်သူများထံက သိရသည်။

" ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်က ဒေသခံတောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အားထားစိုက်ပျိုးခဲ့တဲ့ နွေနှမ်း စိုက်ခင်းတွေဟာ စိုက်ပျိုးရေ လုံလောက်စွာရရှိခဲ့လို့ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါတယ်။ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်ဟာ စိုက်ပျိုးရေ အဆင်ပြေတဲ့ အပြင် စိုက်ပျိုးမြေကလဲ ကောင်းမွန်တာကြောင့် (နွေ ၊ မိုး ၊ ဆောင်း )တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းက အောင်မြင် ဖြစ်ထွန်းမှုရှိပါတယ်ဗျ။ ဒီနှစ်မှာဆိုရင်လဲ ဆီထွက်သီးနှံဖြစ်တဲ့ နွေနှမ်းကို တောင်သူတွေအများစု အားထားစိုက်ပျိုး လုပ်ကိုင်ကြတယ်။ ဒါပေမယ့် မိုခါမုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေနစ်မြုပ်လို့ နွေနှမ်းစိုက်ခင်းတွေ တော်တော်များများ ထိခိုက်ပျက်စီးခဲ့ကြတယ်။ ရေနစ်မြုပ်မှု မဖြစ်တဲ့ နွေနှမ်းစိုက်ခင်းတွေကတော့ အောင်မြင်ဖြစ်ထွန်းမှု ရှိပါတယ်။ ကျွန်တော်တို့ ဒေသမှာ တောင်သူတွေအများစု စိုက်ပျိုးတဲ့ နှမ်းမျိုးတွေကတော့ စမုန်နက်၊ သိပ္ပံနှမ်းနက်၊ နှမ်းဖြူ၊ ဆင်းရတနာ နှမ်းမျိုးများကို အများဆုံးစိုက်ပျိုးကြပါတယ်။ နွေနှမ်းပေါ်ချိန်မှာ ဈေးကောင်းရရှိဖို့လဲ မျှော်လင့် ပါတယ်" ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံ တောင်သူ ဦးကျော်ဆန်းက ပြောသည်။

ပွင့်ဖြူမြို့နယ်သည် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်အပါအဝင် ကျေးရွာအုပ်စု(၅၆)အုပ်စု ၊ ကျေးရွာပေါင်း ၂၀၅ ရွာရှိပြီး ဒေသခံတောင်သူများက စိုက်ပျိုးရေအဆင်ပြေမှုကြောင့် နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြကြောင်း၊ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင်လည်း ဒေသခံတောင်သူများက ဒေသတွင်း စားနပ် ရိက္ခာဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရေးအတွက် နွေစပါးနှင့် နွေနှမ်းစိုက်ဧက ၆၀၄၂၈ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )