ပန်းတနော်၊ ဇွန် ၂၃
၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (ပန်းတနော်) အဆောက်အအုံရှိ လေ့ကျင့်ရေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးကိုကိုမောင်က ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းသိကောင်းစရာများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကျောင်းသား လူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး အ.ထ.က (၁) ကျောင်းနှင့် အ.ထ.က (၂)ကျောင်းတို့မှ ကျောင်းသားကျောင်းသူ စုစုပေါင်း (၃၁) ဦးတို့က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော် (ပြန်/ ဆက်)