တောင်ငူမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ

တောင်ငူ  ဇွန် ၂၃

ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ  မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌

ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက "ကြိုတင်ကာကွယ် မူးယစ်ဆေးဝါးအန္တရာယ် "ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပြီး၊  ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်ထွေးက မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များကို ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)