ရွှေကျင် ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် စိုက်ပျိုးရေးဦးစီဌာနမှ (Drum Seeder) ဖြင့် အတန်းလိုက်စပါးကြဲသည့်နည်းစနစ်ပြပွဲကို ယနေ့နံနက် (၈)အချိန်က တောင်ဘက်ကျေးရွာရှိ တောင်သူ ဦးသက်မောင်မောင်လင်း၊ ဦးစိုးဝင်းနှင့် ဒေါ်မာမာထွေး တို့၏ တစ်ကွင်းတစ်စပ်တည်း (၁၅)ဧက စပါးခင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမင်းသူမှ ရွှေကျင်မြို့နယ်တွင် စပါးအထွက်နှုန်း တိုးတက်ရရှိပြီး တောင်သူဝင်ငွေတိုးစေရန်အတွက် စပါးအထွက်နှုန်း လျော့နည်းစေသော ကြဲခင်းစိုက်နည်းစနစ်ကိုလျှော့ချကာ စပါးအထွက်နှုန်းနှင့် စပါးအရည်အသွေးပါ ကောင်းမွန်စေသော (Drum Seeder)ဖြင့် အတန်းလိုက်စပါးကြဲသည့်စနစ်ကို တောင်သူများ လိုက်ပါဆောင်ရွက်နိုင်ရန် စပါးမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီမှူး ဦးအောင်မြင့်ထွေးနှင့် ကွင်းဝန်ထမ်းများက စိုက်ပျိုးနည်းစနစ်နှင့် အပင်ပြုစုဆောင်ရှောက်ပုံအဆင့်ဆင့်၊ အရည်အသွေးကောင်းပြီး သီးနှံအထွက်တိုးစေရန် လိုက်နာရမည့် သီးနှံကာကွယ်လုပ်ငန်းများ ဆောင်ရွက်ရန် အဆင့်ဆင့်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ (Drum Seeder) ဖြင့် အတန်းလိုက်စပါးကြဲသည့် နည်းစနစ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီမှူးနှင့် ဝန်ထမ်းများ၊ မိုးစပါးစိုက်ပျိုးတောင်သူ (၃၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)