ညောင်တုန်း ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ နတ်ပေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နတ်ပေးကျေးရွာအခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မျိုးထက်က မူးယစ်ဆေးဝါးအမျိုးအစားများ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များစသည့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများကိုလည်းကောင်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်တင်တင်လှိုင်က မူးယစ်ဆေးစတင်စွဲလန်းရသည့် အကြောင်းအရင်းများ၊ လူငယ်များအနေဖြင့် မူးယစ်ဆေး၏ ဆိုးကျိုးများကြောင့် လူညွန့်တုံးခဲ့ရသည့်သာဓကများနှင့် မူးယစ်ဆေးဝါးမသုံးစွဲမိစေရန် ဆောင်ရန်၊ ရှောင်ရန်များစသည့် လူငယ်လူရွယ်များနှင့်ပတ်သက်သည့် လူငယ်ရေးရာအသိပညာပေး အကြောင်းအရာများကို လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်စုစုခင်က အားကစားအဓိပ္ပါယ်၊ အားကစားအမျိုးအစားများ၊ အားကစားပြုလုပ်ခြင်း အကျိုးကျေးဇူးများ၊ အားကစားသိပ္ပံကျောင်း တက်ရောက်မည့်သူများ အရည်အချင်းသတ်မှတ်ချက်ဆိုင်ရာများစသည့် အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာမြတ်ပွင့်ဖြူက နွားနို့တိုက်ကျွေးခြင်းနှင့် နွားနို့သောက်ခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးများကိုလည်းကောင်း ဟောပြောခဲ့သည်။
ထို့နောက် စာအုပ်စာစောင်နှင့်အားကစားပစ္စည်းများလှူဒါန်းခြင်း၊ အသိပညာပေးနယ်လှည့်နံရံကပ်စာစောင် ပြသခြင်း၊ အသ်ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အားကစားသရုပ်ပြခြင်းနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြိုနယ်အတွင်းရှိ နို့စားနွားမွေးမြူရေးလုပ်ငန်းတို့နှင့်ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ နို့တိုက်ကျွေးလှူဒါန်းမှု အစီအစဉ်ဖြင့်ကျောင်းသား၊ ကျောင်းသူလေးများအား နွားနို့များ လှူဒါန်းတိုက်ကျွေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး (ပြန်ဆက်)