မြဝတီ ဇွန် ၂၃
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည် ကြိုဆိုလက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက် ပေးလျက်ရှိရာ ဇွန်လ ၂၁ ရက်နေ့က ၂၁၆ ဦး ဆက်လက် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက ကြိုဆိုအားပေးကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊ ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက်ယူခြင်းများကို ဆောင်ရွက်ပေးသည်။
ထိုသို့ ထိုင်းနိုင်ငံမှ ပြန်လာသူများတွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ နေရပ်ပြန်များအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ပေးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နေရပ်ပြန်များအား မြဝတီမြို့ရှိ ရွှေမြဝတီ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်း များတွင် ၁၀ ရက်ကြာ အသွားအလာရက်ကန့်သတ် ထားရှိကာ ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးပြီးမှ သက်ဆိုင်ရာ မြို့နယ်များသို့ ပို့ဆောင်ပေးခြင်း ဖြစ်သည်။ ထိုသို့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၁၄၅ ဦး၊ အမျိုး သမီး ၇၁ ဦး စုစုပေါင်း ၂၁၆ ဦးရှိကြောင်း သိရသည်။
ထိန်လင်းအောင်