ပွင့်ဖြူ ဇွန် ၂၃
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုး သူများ ( Book Club )အဖွဲ့နှင့် ပူးပေါင်းပြီး ဇွန် ၂၂ ရက် ၊ မွန်းလွဲ ၂ နာရီက မြို့နယ်ရုံးရှိ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ ( Talk Show ) ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ကင်းဝေးစေရေး ကြိုတင် ကာကွယ်ရန်အချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့မှ အတွင်းရေးမှူး ဦးကျော်စိုး (ပညာရေးငြိမ်း)က နိုင်ငံတစ်ဝန်း မူးယစ်ဆေးဝါးအန္တရာယ် ကင်းဝေးစေရေးအတွက် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒများအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အဓိကအကြောင်းအရင်းများ၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးဖြစ်စေမှုများ၊ မူးယစ်ဆေးဝါးတွင် ပါဝင်သော ပစ္စည်းအမျိုးအမည်များ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် လူသားအရင်းအမြစ် ဆုံးရှုံးနစ်နာမှုများအကြောင်းကို အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာဗဟုသုတတိုးပွားစေရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲများ ခင်းကျင်းပြသခြင်း၊ အသိပညာပေးပြဘုတ်များ ပြသခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ အွန်လိုင်းစနစ်ဖြင့် စာပေဝါသနာရှင်များ အတွက် စာအုပ်အညွှန်းမိတ်ဆက်ခြင်း၊ ကျောင်းနေအရွယ် ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးစေရေး ကဗျာ ရွတ်ဆိုခြင်းအစီအစဉ်နှင့် ပုံပြင်ပြောခြင်းအစီအစဉ်များကို ရိုက်ကူးထုတ်လွှင့်ပေးခြင်း၊ အားလပ်ချိန်၌ စာပေလေ့လာဖတ်ရှုနိုင်ရေး စာကြည့်တိုက်ရှိ စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်း စသည့် ပြည်သူ့အကျိုးပြု ဝန်ဆောင်မှုပြုပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )