အိမ်မဲမြို့နယ်တွင် မြန်မာနိုင်ငံအတက်ရောဂါစီမံချက်အကြောင်း အသိပေးညှိနှိုင်းဆွေးနွေးပွဲကျင်းပ

အိမ်မဲ ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်တွင် မြန်မာနိုင်ငံအတက်ရောဂါ စီမံချက်အကြောင်း အသိပေးညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာ မျိုးကျော်အောင်က အတက်ရောဂါစီမံချက် အကြောင်းအရာများကို အကျယ်တဝင့် ပြောကြားခဲ့သည်။

ဆက်လက်ပြီး အတက်ရောဂါပညာပေး video ကို ပြသပေးပြီး အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ကျန်းမာရေး ဝန်ထမ်းများအား အမျိုးသမီးနှင့်ကလေးများအတွက် အတက်ရောဂါ အကြောင်း သိကောင်းစရာ၊ အန္တရာယ်ကင်းဝေး အတက်ရောဂါဘေး၊ သင်သိထားစရာ အတက် ရောဂါ စသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

“အတက်ရောဂါဟာ အာရုံကြော၊ ဦးနှောက်နဲ့ ပတ်သက်တဲ့ရောဂါပါ၊ ဒီရောဂါကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ အတက်ရောဂါ ရှိရင်လည်း ရှက်ကြောက်စရာမလိုပဲ ကျန်းမာရေးဌာနနဲ့ ဆက်သွယ်ဖို့လို့ပါတယ်။ ကျန်းမာရေးဌာနကနေ အတက်ရောဂါ သက်သာပျောက်ကင်းတဲ့အထိ အခမဲ့ဆေးကုသပေးမှာ ဖြစ်ပါတယ်လို့” မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ မျိုးကျော်အောင် ပြောကြားချက်အရ သိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)