ဟင်္သာတခရိုင် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSMEs) ထုတ်ကုန်ပြပွဲ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/ ၂၀၂၃) ကျင်းပပြုလုပ်

ဟင်္သာတ ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ယနေ့ မွန်းလွဲ ၁ နာရီက ဟင်္သာတခရိုင် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSMEs) ထုတ်ကုန်ပြပွဲ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃) ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန်ပြပွဲ ကျင်းပပြုလုပ်နိုင်ရေးဦးစီးကော်မတီ၊ ဆပ်ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းမှ ဟင်္သာတ ခရိုင်အတွင်း MSMEs ထုတ်ကုန်ပြပွဲ ကျင်းပနိုင်ရေး အပြီးသတ် ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုတို့ကို တက်ရောက်လာကြသည့် ဆပ်ကော်မတီ များအလိုက် ဆွေးနွေးပြောကြားစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ တက်ရောက်လာကြသည့် ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ MSMEs ထုတ်ကုန်ပြပွဲ အောင်မြင်စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရေး၊ မြို့နယ်များအလိုက် မိမိဒေသထွက်ထုတ်ကုန်များအား ပြသနိုင်ရေးတို့ကို ဆပ်ကော်မတီများအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)