ရေစကြို ဇွန် ၂၃
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြည်သူများသိရှိစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ရေစကြိုမြို့ပေါ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများထံ အခမဲ့ဖြန့်ဝေသည်။
အဆိုပါလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင် ရောင်းဝယ်သူများအား ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်ဖမ်းဆီးကြရန်၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်း၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ “မူးယစ်ဆေးဝါး တို့ရှောင်ရှား”၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ ထုတ်လုပ်မှုလျှော့ချရေးနှင့် အစားထိုးဖွံ့ဖြိုးရေး၊ သုံးစွဲမှုလျှော့ချရေးနှင့် နောက်ဆက်တွဲ အန္တရာယ်လျှော့ချရေး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ သုတေသနလုပ်ငန်းများ တိုးမြှင့်ရေး၊ လူ့အခွင့်အရေးပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရေး စသည့် အချက်များပါဝင်သည့် အသိပညာပေးသတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်ကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိပြီး ရှောင်ရှားနိုင်စေရေး အခမဲ့ ဖြန့်ဝေပေးကြောင်း သိရသည်။
မောင်လုလင်(ရေစကြို)