ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် Online မှတဆင့် မီးပုံးစက္ကူခေါက်ခြင်း အစီအစဉ်ဆောင်ရွက်

ပိုင်ကျုံ အောက်တိုဘာ 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ပြည်သူ့စာကြည့်တိုက် ယာယီပိတ်ထားသည့်အတွက် အသိပညာပေးလုပ်ငန်းများကို Online မှတဆင့် ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက်ပိုင်းက ကလေးစာဖတ်ခန်းတွင် မီးပုံးပုံသဏ္ဌာန် စက္ကူခေါက်ခြင်းအစီအစဉ်ကို ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ရိုက်ကူးဆောင်ရွက်ရာတွင် ဦးစောပိဖိုး (ဓါတ်ပုံ-၂) က ရောင်စုံစက္ကူများနှင့် မီးပုံး ပုံသဏ္ဌာန်ခေါက်ပြခြင်းကို ပိုင်ကျုံမြို့ပြည်သူ့စာကြည့်တိုက် Page တွင် Online မှ ထုတ်လွှင့် ပြသနိုင်ရန်အတွက် ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူ့စာကြည့်တိုက် ခေတ္တပိတ်ထားသည့်အချိန်တွင် ပြည်သူများနှင့်ကလေးလူငယ်များအနေဖြင့် စာကြည့်တိုက်သို့ လာရောက်နိုင်ခြင်းမရှိသော်လည်း စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်များ၊ ပုံပြင်ပြောခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ပန်းချီဆွဲခြင်း၊ စက္ကူခေါက်ပြခြင်း၊ ကဗျာရွတ်ဆိုခြင်းအစီအစဉ်နှင့် TalkShow များ၊ ပြည်သူများ သိသင့်သည့်အသိပညာပေးလုပ်ငန်းများ၊ ဒေသဆိုင်ရာ သတင်းအချက်အလက်များကို IPRD Paingkyone Page နှင့် ပိုင်ကျုံမြို့ပြည်သူ့စာကြည့်တိုက် Page တို့တွင် Online မှတဆင့် နေ့စဉ်ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)