ဖျာပုံ ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဥာဏ၊ စာရိတ္တဖွံ့ ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀)နာရီ ခွဲအချိန်က ဖျာပုံမြို့နယ်၊ မှော်ဘီကျေးရွာအုပ်စု အ.လ.က-ခွဲ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်က လူငယ်ဘဝ ပညာသင်အရွယ်မှစပြီး မိမိဝါသနာပါရာ ရည်မှန်းချက်ထားပြီး ကြိုးစား ကြစေလိုကြောင်း၊ လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် စာပေဖတ်ရှုလေ့လာခြင်း၏ အကျိုးကျေးဇူးများနှင့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်စေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတ ရရှိစေသည့် စာပေများကို လေ့လာဖို့လိုကြောင်း အသိပညာပေး ဟောပြောပြီး၊ ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်လှိုင်က "အားကစားနှင့်အနာဂတ်လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများတွင် လူငယ်များအနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍ အထူးလေ့လာလိုက်စားစေလိုကြောင်း၊ သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ အချိန်ကို အကျိုးရှိရှိ အသုံးချကြစေလိုကြောင်း" အသိပညာပေး ဟောပြောသည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဖျာပုံမြို့နယ် အားကစားမှူးက မှော်ဘီကျေးရွာ အ.လ.က-ခွဲကျောင်းအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီရိမွန်က လက်ခံရယူသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော "အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်" သတင်းစကား လက်ကမ်းစာစောင်အား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး၊ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ပါဝင်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)