ငဖဲမြို့နယ် ကော်ဖီခြံ(နတ်ရေကန်)တွင် မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် ကော်ဖီပျိုးပင်နှင့် အရိပ်ရပျိုးပင် (၁၂၅၅၀)ပင်ကို ကော်ဖီစိုက်တောင်သူများအား အခမဲ့ ဖြန့်ဖြူးပေးအပ်

ငဖဲ ဇွန် ၂၃

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီ သီးနှံဌာနခွဲ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (နတ်ရေကန်)တွင် မဲခေါင်-လန်ချန်း အထူး ရန်ပုံငွေဖြင့် ကော်ဖီပျိုးပင်နှင့် အရိပ်ရပျိုးပင်(၁၂၅၅၀)ပင်ကို  ကော်ဖီစိုက်တောင်သူများအား အခမဲ့ဖြန့်ဖြူး ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး သက်နိုင်စိုး၊ ကော်ဖီခြံတာဝန်ခံဦးဇော်သိန်း နှင့် ဝန်ထမ်းများ၊ တောင်ပေါ်ဒေသ(၁၀)အုပ်စုမှ ကော်ဖီစိုက် တောင်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်နိုင်စိုးက မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် ကော်ဖီပျိုးပင်နှင့် အရိပ်ရပျိုးပင်များအား  ကော်ဖီစိုက် တောင်သူများထံသို့ ပေးအပ်ပွဲဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ကော်ဖီခြံ (နတ်ရေကန်) တာဝန်ခံ ဦးဇော်သိန်းက နတ်ရေကန် တောင်ပေါ်ဒေသရှိ ဒေသခံတောင်သူများ လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုး တက်လာစေရန်၊ ကော်ဖီစိုက်တောင်သူများ နိုင်ငံစီးပွားမြှင့်တင်နိုင်ရေးနှင့် နိုင်ငံခြားဝင်ငွေရရှိသည့် ကော်ဖီပင်များ ပိုမိုတိုးချဲ့စိုက်ပျိုးလာစေရန် ရည်ရွယ်၍  ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီအမီ မဲခေါင်-လန်ချန်းအထူး အစီအစဉ်ဖြင့် ကော်ဖီနှင့်အရိပ်ရပျိုးပင်များ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ငဖဲမြို့နယ် နတ်ရေကန် တောင်ပေါ်ဒေသရှိ ကော်ဖီစိုက်တောင်သူများအား ကော်ဖီပျိုးပင် (၅၀၀၀)၊ မက္ကဒေးမီးယား (၃၃၀၀)ပင် ၊ မျောက်ငို (၂၃၀၀)ပင်နှင့် ထောပတ် (၁၉၅၀)ပင်  စုစုပေါင်းပျိုးပင် (၁၂၅၅၀)ပင်ကို ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်နိုင်စိုးနှင့် တာဝန်ရှိသူများက အခမဲ့ဖြန့်ဖြူးပေးအပ်ခဲ့ကြသည်။

ငဖဲမြို့နယ် ကော်ဖီ-ရာသီ သီးနှံဌာနခွဲ၊ နတ်ရေကန်(ကော်ဖီခြံ)တွင် အာရေဗီးကား(ဗီယက်နမ်) ကုန်းမြင့်ကော်ဖီမျိုး ဧက ၄၀ စိုက်ပျိုးထားရှိပြီး တောင်ပေါ်ဒေသကျေး ရွာများတွင် ပုဂ္ဂလိကတောင်သူစိုက်ဧက ၁၀၄၅ ဧက စုစုပေါင်း ၁၀၈၅ ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မယု ( ငဖဲ)