ကံမ ဇွန် ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆင့်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် ဆိုးကျိုးများကို အသိပညာပေး ပြောကြားခဲ့သည်။ ထို့နောက် ရှောင်လေဝေးဝေး မူးယစ်ဆေးခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကို ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ရာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၂)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ဆုချီးမြှင့်ခြင်းကို ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများက ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာ ပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)